တချို့လူတွေက ညဘက်ကိုစောစောအိပ်ရာဝင် မနက်စောစောအိပ်ရာထနိုင်ကြပေမယ့် တချို့တွေကတော့ညဘက်ကိုလုံးဝအိပ်မရ မနက်ဆိုလုံးဝမထနိုင်တဲ့လူမျိုးတွေဖြစ်နေတတ်ကြပါတယ်။ မနက်မထနိုင်တဲ့လူတွေကို လူကြီးတွေက အပျင်းကြီးတယ် ဝီရိယမရှိဘူးလို့ပြောတတ်ကြပေမယ့်တကယ်တမ်းမှာတော့ ဒီအကျင့်ဟာမျိုးရိုးဗီဇနဲ့သက်ဆိုင်နေတယ်လို့လည်းဆိုကြပါတယ်။ Genetics company 23 and Me ရဲ့လေ့လာချက်တွေအရ Morning Person နဲ့ Night Person ဆိုပြီးကွဲပြားသွားစေတာ Gene ကြောင့်လို့ဆိုခဲ့တာဖြစ်ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက်က Circadian Rhythm တွေမတူကြပါဘူး။ Circadian Rhythm ကို Internal Rhythm လို့လည်းသိကြပါတယ်။ Circadian Rhythm ဆိုတာက၂၄ နာရီလုံးလူတစ်ယောက်ရဲ့ဦးနှောက်ကိုထိန်းချုပ်ပြီး ခန္ဓာကိုယ်ကိုလှုပ်ရှားစေခြင်းဖြစ်ပါတယ်။ ဘယ်အချိန်မှာအိပ်မယ် ဘယ်အချိန်မှာနားမယ် ဘယ်အချိန်မှာစားမယ်ဆိုတာကို ထိန်းချုပ်လည်ပတ်စေတာဖြစ်ပါတယ်။

ဒီလေ့လာချက်မှာတော့ လူကိုးသောင်းရဲ့ DNA နဲ့ သွားရည်မူနာတွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်။ ပြီးတော့မေးတဲ့အချက်ကတစ်ခုတည်းပါပဲ။ ခင်ဗျားတို့ Morning Person လား Night Person လား လို့မေးခဲ့ကြတာဖြစ်ပါတယ်။ ဒီ Survey အရသိရတာကတော့ Genetic Variants တွေထဲကတစ်ခုဟာ ကိုယ့်ကိုမနက်ထနိုင်သူလား မထနိုင်သူလားဆိုတာကို ဖန်တီးပေးတာဖြစ်ပါတယ်တဲ့။ ဒါဟာ Delayed Sleep Phase Disorder (DSPD)ကိုဖြစ်စေတဲ့ CRY1 လို့ခေါ်တဲ့ Gene ကြောင့်ဖြစ်ပါတယ်။

များသောအားဖြင့်အမျိုးသမီးတွေဟာ မနက်စောစောထနိုင်တဲ့သူတွေဖြစ်ပါတယ်တဲ့။ အမျိုးသမီး ၄၈.၄ % က မနက်ထနိုင်သူတွေဖြစ်ကြပြီး အမျိုးသား ၃၉.၇ ရာခိုင်နှုန်းကသာမနက်ထနိုင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ ပြီးတော့အသက် ၆၀ ကျော်အရွယ်သက်ကြီးပိုင်းတွေက မနက်စောစောထနိုင်ကြပြီး အသက် ၃၀ အောက်တွေက မနက်စောစောမထနိုင်ကြဘူးဆိုတာကိုလည်းလေ့လာတွေ့ရှိရပါတယ်။ ဒီ CRY1 ဆိုတဲ့ Gene ကအိပ်ရေးပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ အဝလွန်ခြင်းတွေအပေါ်သက်ရောက်မှုရှိမရှိဆိုတာကိုတော့ မသိရှိရသေးဘူးလို့ဆိုပါတယ်။

လူတစ်ယောက်ရဲ့Circadian Rhythms ကပြောင်းလဲဖို့ခက်ပြီး အချိန်ပေးလေ့ကျင့်မှသာ အကျင့်ကိုပြင်နိုင်မယ့်သဘောဖြစ်ပါတယ်။ ညစောစောအိပ် မနက်စောစောထနိုင်ဖို့ အိပ်ရာဝင်ချိန်ကိုအလေ့အကျင့်လုပ်ပေးဖို့လိုပါတယ်။ ပိတ်ရက်တွေမှာတောင် ဒီအလေ့အကျင့်ကိုမပျက်မကွက်လုပ်ရမှာပါ။ မအိပ်ခင်လက်ပ်တော့တွေ စမတ်ဖုန်းတွေရဲ့စူးရှတဲ့အလင်းရောင်တွေကိုလည်းရှောင်ဖို့လိုပါတယ်။ မနက်ခင်းမှာနေရောင်ခြည်ဖျော့ဖျော့လေးခံယူသင့်ပါတယ်။

ဒါကြောင့် အိပ်ပုတ်ကြီးသူတွေကိုလည်း သိပ်အပြစ်မတင်သင့်ပါဘူးလို့။

www.akhayar.com