[Zawgyi]

အောင်မြင်တဲ့ Diet Plan ကိုရရှိဖို့အတွက် မနက်ခင်းအလေ့အကျင့်များ

Diet လုပ်တယ်ဆိုတာဟာ အစားအသောက်ကို သင့်တင့်မျှတစွာနဲ့ နည်းလမ်းတကျစားသောက်ပြီး ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် Diet Plan လို့ဆိုလာတာနဲ့ အစားအသောက်ရွေးချယ်စားသောက်တာတင်မကသေးပဲ အစားစားချိန်နဲ့ စားပုံစားနည်းတွေပါ မှန်ကန်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုလိုသေးတာက နေထိုင်မှုပုံစံပါ။ ဒါကြောင့် Diet Plan နဲ့ ပတ်သက်လို့ အဓိကသိထားရမယ့်အကြောင်းအရာဖြစ်တဲ့ တစ်နေကုန်အောင်မြင်တဲ့ Diet Plan ကိုရရှိဖို့အတွက် မနက်ခင်းမှာ ဘယ်လိုနေရမလဲဆိုတာလေးပြောပြသွားမှာပါ။

ရေဓာတ်ဖြည့်ပါ

မနက်အိပ်ရာနိုးတာနဲ့ ဘာမှမစားခင် ရေတစ်ခွက်သောက်ကိုသောက်ရပါလိမ့်မယ်။ မနက်ပိုင်းမှာ ရေဓာတ်ဖြည့်ဖို့ အလိုအပ်ဆုံးအချိန်ပါ။ မနက်မိုးလင်းလို့ အိပ်ရာကနိုးတာနဲ့ ရေတစ်ခွက်သောက်တယ်ဆိုတဲ့အဓိပ္ပာယ်ဟာ သင်ဟာ မကြာခင်မှာ ဇီဝကမ္မဖြစ်စဉ်တွေကို စတင်လုပ်ဆောင်တော့မှာဖြစ်လို့ ခန္ဓာကိုယ်ကနေ အစာချေစနစ်ဟာ အလုပ်လုပ်ရတော့မယ်ဆိုတာကို နိုးဆော်လိုက်တာနဲ့ အတူတူပါပဲ။

အနည်းငယ်က စတင်ပါ

မနက်စာကို ဗိုက်ပြည့်အောင်စားရမယ်ဆိုပေမယ့် တနင့်တပိုးစားရမယ်လို့ မဆိုလိုပါဘူး။ တစ်မျိုးထဲကို ပမာဏအများကြီးစားတာမျိုးမဟုတ်ပဲ ကိုယ်ခန္ဓာအတွက် အကျိုးရှိပြီး အာဟာရရှိမယ့် နောက်ပြီး အစာခံမယ့် အစားအစာတွေကို အနည်းငယ်ဆီ စားသောက်ရပါလိမ့်မယ်။ ဥပမာ အသုတ်တို့ မုန့်ဟင်းခါးတို့ တနင့်တပိုးစားတာမျိုးမဟုတ်ပဲ ကြက်ဥပြုတ်တစ်လုံး၊ နို့တစ်ခွက်၊ ပေါင်မုန့်တစ်ချပ် စသည်ဖြင့် အနည်းငယ်ဆီ စားသုံးပေးပါ။

မြန်မြန်လုပ်ဆောင်ပါ

အိပ်ရာက အခုမှနိုးလို့ အိပ်မှုန်စုပ်ဖွားဖြစ်နေတာမှန်ပေမယ့် ရေချိုးတာ၊ အစားအသောက်စားတာစတဲ့ မနက်ပိုင်းလုပ်တဲ့ အလုပ်တွေကို ပျင်းရိလေးပင်မနေပဲ ခပ်သွက်သွက်လုပ်ဆောင်ပေးပါ။ ဒါက သင့်ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုနဲ့ အစာချေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ မလန်းဆန်းဘူး ဖြစ်နေတယ်ဆိုရင်တော့ သီချင်းလန်းလန်းလေးတွေနားထောင်ပြီး လုပ်ပါ။

အလင်းရောင်ကို ရယူပါ

Diet လုပ်နေတဲ့သူတွေ၊ ၀ိတ်ချချင်တဲ့သူတွေဆိုတာ အမြဲတမ်းလန်းဆန်းတက်ကြွနေမှ ဖြစ်ပါလိမ့်မယ်။ ထုံထိုင်းအုံ့မှိုင်းနေမယ်ဆိုရင်တော့ ပိုပြီး ပျင်းရိနေဦးမယ်။ ပိုပြီး လေးပင်နေဦးမှာပါ။ လန်းဆန်းတက်ကြွဖို့အတွက် အထောက်အကူပြုပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ အလင်းရောင်ခံယူဖို့ပါပဲ။ အခန်းထဲမှာ မီးထွန်းထားတာထက် နေအလင်းရောင်ကြားမှာ အစားစားတာ၊ အလုပ်လုပ်တာကို သင့်ကို ပိုပြီး စိတ်ဓာတ်တက်ကြွစေပါတယ်။

ဒါတွေကတော့ Diet လုပ်နေတဲ့သူတွေ မနက်ပိုင်းမှာ သတိထားရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဒီအရာတွေကို သတိထားမှသာလျှင် တစ်နေကုန် လုပ်ဆောင်မယ့် Diet လုပ်ငန်းစဉ်ကြီးကိုလည်း မှန်ကန်အောင်မြင်စွာ လုပ်ဆောင်သွားနိုင်မှာပါ။ ခက်ခက်ခဲခဲအရာတွေမဟုတ်တဲ့အတွက်ကြောင့် ပျင်းမနေပါနဲ့။ အခုကနေစတင်ပြီး သင့်ရဲ့ မနက်ခင်းပုံစံကို ပြောင်းလဲပစ်လိုက်ပါတော့။

Moethaesay (Akhayar)