ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃) ဆောက်သမ်တန် ( ၁ – ၃ ) လီဗာပူးလ်ပွဲစဉ်မှာ လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား ဆာလာ Salah ဟာ မှတ်တမ်းကောင်းတစ်ခုရရှိခဲ့ပါတယ်။ ဒါကတော့ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး(၅၀)အမြန်ဆုံးပြည့်ခဲ့တဲ့ ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းပဲဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဆာလာ ဟာ ပွဲချိန်မိနစ်(၈၀)မှာ လီဗာပူးလ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပြီး ဒီမှတ်တမ်းကောင်းကို ရရှိခဲ့တာဖြစ်ပါတယ်။ ဆာလာ ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်(၆၉)ပွဲကစားအပြီးမှာ ဂိုး(၅၀)ပြည့်ခဲ့တာဖြစ်ပြီး တောရက်စ် Torres ရဲ့ ပရီးမီးယားလိဂ်(၇၂)ပွဲကစား ဂိုး(၅၀)မှတ်တမ်းကောင်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဆာလာ ရဲ့ ရှေ့မှာတော့ အလန်ရှီးယား Shearer ( ဘလက်ဘန်းအတွက် ပရီးမီးယားလိဂ် (၆၆)ပွဲ ဂိုး (၅၀) )နဲ့ နစ္စတယ်ရွိုင်း Nistelrooy (မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် (၆၈)ပွဲ ဂိုး (၅၀) ) တို့ရှိနေကြပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဆာလာ ကို ခြေစွမ်းပိုင်းကျဆင်းနေတယ်လို့ ဝေဖန်မှုတွေရှိနေတဲ့ အချိန်မှာ အခုလို မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့တာကတော့ သူ့အတွက် စိတ်ကျေနပ်စရာဖြစ်မှာသေချာပါတယ်။ ဆာလာ ဟာ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် သွင်းဂိုး(၂၁)ဂိုးသွင်းယူထားပြီး လီဗာပူးလ်အသင်းကလည်း မန်စီးတီးထက် တစ်ပွဲပိုကစား ရမှတ်(၈၂)မှတ်နဲ့ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နေပါတယ်။

Ref: BBC Sports , Opta Joe
Photo: Liverpool Twitter , Opta Joe
Ko Kyue(Akhayar)
www.akhayar.com