ထပ်စားချင်အောင်စွဲတဲ့ မြေနီကုန်း က မိုင်းလားအကင်

လားရှိုးအကင်တဲ့၊ စီချွမ်အကင်တဲ့၊ ယိုးဒယားအကင်တဲ့၊ တာချီလိတ်အကင်တဲ့၊ အကင်ကောင်းကောင်းတွေချည်းစုနေတဲ့ မြေနီကုန်း၊စမ်းချောင်းလိုနေရာမျိုးမှာ ဟော ခုလည်းပေါ်လာပြန်ပြီ မိုင်းလားအကင်တဲ့။

ဖွင့်တဲ့နေရာကလည်း ကြည့်ဦး။ အကင်ဆိုင်တွေချည်း စုပြုံနေတဲ့ မြေနီကုန်း၊ စမ်းချောင်းလို နေရာမျိုးမှာ ဖွင့်ထားတာ။ ဆိုင်အထာက မသိရင်တော့ ဘီယာဆိုင်လိုလိုဘာလိုလိုနဲ့ တကယ့်တကယ်စားတော့မှ မိုင်းလားအကင်ဆိုတာ ဒီလို စပ်ပြီး ခြောက်ခြောက်လေးနဲ့စားလို့ကောင်းတာ သိရတော့တယ်။

ဆိုင်က ကျဉ်းကျဉ်းလေးဆိုမှ တကယ်ကျဉ်းကျဉ်းလေး။ အပေါ်ထပ်နဲ့အောက်ထပ်ရှိတယ်။ အပေါ်ထပ်က အလုံပိတ်ခန်းပဲ ဒါပေမယ့် အဲကွန်းလေးအေးနေတာပဲ။

ဒီ မိုင်းလားအကင်မှာ အရေးကြီးဆုံးက အကင်ပေါ်သုတ်တဲ့ Sauce အနှစ်ရယ်၊ သူနဲ့တွဲစားတဲ့အချဉ်ကပဲ လျှာကိုတဆုံးထိ အရသာ ညှိပေးသွားတာလို့ ထင်တာပါပဲ။

အချဉ်ဆိုတာ ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ၊ သံပုရာနဲ့ တကယ်လိုက်ဖက်တဲ့အချဉ်မျိုး။ အဓိက ပိုမိုက်တာက အကင်ခြောက်ခြောက်လေးကို အချဉ်စပ်စပ်လေးနဲ့ တွဲစားရတဲ့ အရသာပဲ။

ဆိုင်ရှင်တွေက မြန်မာစကားအရမ်းကြီးလည်လည်ဝယ်ဝယ်မဟုတ်ကြတော့ ကိုယ်လိုချင်တဲ့အကင်တွေ ဈေးမေးပြီးဝယ်ရခက်တာတစ်ခုပဲ။ ကျန်တာကတော့ အကင်တစ်ချောင်းကို ၄၀၀ က စတယ်။ ပုစွန်ကင်၊ပြည်ကြီးငါးကင်တွေကတော့ ၁၀၀၀ ပဲပေးရတယ်။

မိုင်းလားအကင်ရဲ့အရသာ မစားဖူးသေးရင် အကင်ဆို စပ်စပ်လေးနဲ့ ခပ်ကောင်းကောင်းလေးမြည်းချင်ရင် တခြားအကင်အရသာတွေနဲ့ ခွဲထွက်နေတဲ့ မိုင်းလားအကင်လေးတွေ လာမြည်းကြည့်ပါလို့။

ရောက်ရင် မစားမဖြစ်ရွေးပေးချင်တာက အပ်မှိုကင်၊ ဝက်နံရိုးကင်၊ ပုစွန်ကင်နဲ့ ပြည်ကြီးငါးကင်လေးတွေ စားကြည့်ကြည့်ပါ။

လိပ်စာက အမှတ်ပ/၆ ၊ ပဒုမ္မာလမ်း၊ စမ်းချောင်းထဲမှာရှိပါတယ်။ နေ့ခင်း ၁ နာရီကနေ ည ၁၁ နာရီထိ ဖွင့်တယ်တဲ့။

ချစ်လှစွာသော
FoodieEi (Akhayar)