ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ မိုက်ဒင်း Mike Dean ဟာ ဒိုင်လူကြီးဘ၀ (၁၉)နှစ်တာကာလအတွင်း အနီကတ်အကြိမ်(၁၀၀)ပြခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အနီကတ်(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိသူအဖြစ် နာမည်ကျော်တဲ့ မိုက်ဒင်းဟာ မနေ့က ကစားခဲ့တဲ့ ၀ုလ်ဗ်-မန်ယူပွဲမှာ မန်ယူနောက်ခံလူ အက်ရှ်လေယန်း Ashley Young ကို (၂)၀ါ၊ (၁)နီနဲ့ထုတ်ပယ်ခဲ့ပြီး အဲဒီလို မှတ်တမ်းဝင်ခဲ့တာပါ။ ဒါ့အပြင် အဲဒီအနီကတ်ဟာ ဒီရာသီမှာ မိုက်ဒင်းပြခဲ့တဲ့ (၁၀)ကြိမ်မြောက်အနီကတ်ဖြစ်ပြီး တခြားဒိုင်လူကြီးတွေထက် ပိုများနေပါတယ်။

၂၀၀၀ ၀န်းကျင်ကစပြီး ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ဒိုင်လူကြီးတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မိုက်ဒင်း (၅၀နှစ်)ဟာ ကစားသမားအယောက် (၇၀)နီးပါးထုတ်ပယ်ခဲ့ပြီးဖြစ်သလို တခြား ဒိုင်လူကြီးတွေဟာ သူ့ရဲ့ အနီကတ်အရေအတွက်ကို လိုက်မီဖို့ အလှမ်းဝေးကွာနေပြီး အနီကတ်အရေအတွက် (၆၀)ကြိမ်အထိ ပြသခဲ့သူတောင် မရှိသေးပါဘူး။ ပရီးမီးယားလိဂ်မှာ မိုက်ဒင်း တာဝန်ယူခဲ့တဲ့ ပွဲအရေအတွက်က (၄၇၇)ပွဲအထိ ရှိနေပြီး ဒုတိယအများဆုံး မာတင်အက်ကင်ဆင် Martin Atkinson ဟာ (၃၇၃)ပွဲသာ ရှိတာကြောင့် မိုက်ဒင်းဟာ ပွဲများများ ကိုင်တွယ်ရတဲ့အတွက် အ၀ါ၊ အနီတွေကို ပိုပြရတဲ့သဘောပါပဲ။ အခုလောလောဆယ် ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးတွေထဲမှာ မိုက်ဒင်းထုတ်ပယ်ခဲ့တဲ့ ကစားသမားအရေအတွက်ကို အမီလိုက်မယ့်သူဆိုလို့ အနီးစပ်ဆုံးက အက်ကင်ဆင်တစ်ဦးသာရှိနေပြီး လက်ရှိအချိန်အထိ (၅၈)ဦး ထုတ်ပယ်ခဲ့ပြီးပါပြီ။ မိုက်ဒင်းရဲ့ တစ်ပွဲပျမ်းမျှအနီကတ်ပြသမှု ရာခိုင်နှုန်းက (၀.၂၁)အကြိမ်ရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပျမ်းမျှအနီကတ်ပြသမှု ရာခိုင်နှုန်းအများဆုံး ဒိုင်လူကြီး (၉)ဦးထဲမှာ ပါဝင်နေပါတယ်။ အနီကတ်တင်မဟုတ်သေးဘဲ အ၀ါကတ်ပြသမှုအကြိမ်မှာလည်း မိုက်ဒင်းကို မီမယ့်သူမရှိသေးဘဲ စုစုပေါင်း(၁၇၃၁)ကြိမ်ကြိမ်နဲ့ ဦးဆောင်နေပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အ၀ါကတ်(၁၀၀၀)နဲ့အထက် ပြသခဲ့တဲ့ ဒိုင်လူကြီးက (၅)ဦးသာရှိပြီး သူတို့ကတော့ ဖီးလ်ဒေါက် Phil Dowd ၊ ဂရေဟမ်ပူးလ် Graham Poll ၊ မိုက်ရီလေး Mike Riley ၊ မိုက်ဒင်း Mike Dean ၊ အက်ကင်ဆင် Martin Atkinson တို့ပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ မိုက်ဒင်း ပထမဆုံးထုတ်ပယ်ခဲ့တဲ့ ကစားသမားက ၂၀၀၁၊ ဧပြီလတုန်းက အစ်ဆွစ်ခ်ျနဲ့ကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်ကွင်းလယ်လူ ဆိုလာနို Solano ကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး နောက်ထပ် သူ့ရဲ့ သားကောင်ဖြစ်မယ့်သူက ဘယ်သူများဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရမှာပါ . . .

မိုက်ဒင်း အနီကတ်နဲ့ထုတ်ပယ်ခဲ့တဲ့ကစားသမားစာရင်းကြည့်ရန်လင့်ခ်

REF:Daily Mail,Talk Sport
Photo:Goal,TODAY NEWS,Daily Mail
Naing Linn(Akhayar)
www.akhayar.com