မက္ကဆီကိုလိဂ် Liga MX က ကလပ်အသင်းဖြစ်တဲ့ Veracruz ဟာ ကမ္ဘာ့စံချိန်သစ်တစ်ခု တင်ရှိခဲ့ပြီး အဲဒါက သိပ်တော့ ဂုဏ်ယူစရာကောင်းတဲ့စံချိန် မဟုတ်ပါဘူး။ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ (၆)ပွဲကစားပြီး (၁)မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ Veracruz အသင်းဟာ အခုတစ်ပတ်ကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ကွီရီတာရိုအသင်းကို (၅)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဒါက သူတို့အတွက် လိဂ်ပြိုင်ပွဲ(၅)ပွဲဆက် ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ အခုဆိုရင် Veracruz အသင်းဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ခဲ့တာက (၃၃)ပွဲဆက်တိုက်ရှိလာပြီဖြစ်တာကြောင့် အင်္ဂလန်ကလပ် ဒါဘီအသင်းကို ကျော်ဖြတ်ပြီး ပွဲဆက်အများဆုံး နိုင်ပွဲပျောက်တဲ့အသင်းအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တာပါ။

ဒါဘီအသင်းဟာ ၂၀၀၇-၀၈ ရာသီမှာ လိဂ်ပြိုင်ပွဲ (၃၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာဖြစ်ပေမယ့် အခုတော့ Veracruz အသင်းက တစ်ပွဲအသာနဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။ Veracruz အသင်းဟာ ၂၀၁၈၊ သြဂုတ်လ(၂၈)ရက်တုန်းက တီဟွာနာအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ လုံးဝနိုင်ပွဲ မရတော့ဘဲ (၂၅)ပွဲရှုံး၊ (၈)ပွဲသရေကျခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကနေ လက်ရှိအချိန်အထိ နည်းပြအပြောင်းအလဲ (၅)ဦးအထိ လုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက ကံကောင်းလို့ တန်းမဆင်းခဲ့ရပေမယ့် အခုရာသီသစ်မှာလည်း Veracruz အသင်း နိုင်ပွဲနဲ့ဝေးကွာနေဆဲပါပဲ။

REF:sportskeeda
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com