လက်ရှိဘောလုံးလောကမှာ အဖြေထုတ်ရအခက်ဆုံး မေးခွန်းက မက်ဆီ Lionel Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဘယ်သူ ပိုကောင်းလဲဆိုတာပါ။ တစ်ယောက်ချင်းစီမှာ သူမတူတဲ့ ဘောလုံးစွမ်းရည်တွေ ပိုင်ဆိုင်ထားကြသလို အောင်မြင်မှုတွေ၊ စံချိန်မှတ်တမ်းတွေကိုလည်း တစ်ယောက်တစ်လှည့်စီ ရယူနေကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကစားသမားနှစ်ဦးရဲ့ အရည်အသွေးကောင်းတွေထဲက ဖရီးကစ်စွမ်းဆောင်ရည် ဘယ်သူပိုကောင်းလဲဆိုတာ နှိုင်းယှဉ်ကြည့်လိုက်ရအောင် . . .

ဖရီးကစ်သွင်းဂိုးအရေအတွက်မှာ အသာရနေတဲ့ စီရော်နယ်လ်ဒို

မက်ဆီနဲ့ စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်သွင်းဂိုးအရေအတွက်ကို ကြည့်ရင် စီရော်နယ်လ်ဒိုက ခေါင်းတစ်လုံး ပိုသာနေတယ်။ ကလပ်နဲ့ နိုင်ငံအသင်းအတွက် သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို ကြည့်ရင် စီရော်နယ်လ်ဒိုက (၅၃)ဂိုး၊ မက်ဆီက (၄၇)ဂိုးသွင်းယူထားတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကို စရောက်ကတည်းက ဖရီးကစ်ကနေ တစ်ဂိုးမှ မသွင်းနိုင်သေးသလို ဂျူဗင်တပ်စ်အသင်းမှာက များသောအားဖြင့် ဖရီးကစ်ဆိုရင် ယာနစ် Miralem Pjanic က ကန်သွင်းလေ့ရှိပါတယ်။ ဒီကစားသမားနှစ်ဦးရဲ့ ကစားသမားဘ၀ စတင်တဲ့အချိန်ကစပြီး အခုအချိန်အထိ ရာသီလိုက် ဖရီးကစ်သွင်းဂိုးမှတ်တမ်းမှာ အစောပိုင်းတုန်းက စီရော်နယ်လ်ဒို သာသလိုဖြစ်နေပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ မက်ဆီက သိသိသာသာ များလားတာကို တွေ့ရမှာပါ။ တစ်ခုရှိတာက ဘာစီလိုနာမှာ မက်ဆီက ဖရီးကစ်တွေဆိုရင် ပင်တိုင်ကန်သွင်းလေ့ရှိပေမယ့် စီရော်နယ်လ်ဒိုကတော့ ရီးယဲလ်မှာတုန်းက ဂါရတ်ဘေးလ် Gareth Bale ၊ အခု ယာနစ်စတဲ့ ကစားသမားတွေနဲ့အပြိုင် ဖရီးကစ်တာဝန်ကို ယူထားရတာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ဗီလာရီးယဲလ်နဲ့ပွဲမှာ ဖရီးကစ်ကနေ တစ်ဂိုးသွင်းယူခဲ့ပြီး နောက်ဆုံး(၃)ပွဲဆက် ဖရီးကစ်က ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုကတော့ အခုအချိန်အထိ တစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။ စီရော်နယ်လ်ဒိုရဲ့ နောက်ဆုံးဖရီးကစ်သွင်းဂိုးက ၂၀၁၈ ကမ္ဘာ့ဖလား စပိန်နဲ့ကစားခဲ့တဲ့ အုပ်စုပွဲမှာဖြစ်ပြီး အခုဆိုရင် ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်တာ (၁)နှစ်နီးပါးရှိနေပါပြီ။

Conversion Rate မှာ ပြန်အသာရနေတဲ့ မက်ဆီ

စီရော်နယ်လ်ဒိုဟာ ဖရီးကစ်သွင်းဂိုးအရေအတွက်မှာ မက်ဆီကို အသာရနေပေမယ့်လည်း ဖရီးကစ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှု Conversion Rate အပိုင်းမှာတော့ မက်ဆီက ပြန်အသာရနေတယ်။ နာမည်ကျော် သတင်းမီဒီယာ ESPN ရဲ့ MisterChip (Alexis) က ၂၀၁၉၊ မတ်လ (၁၈)ရက်အထိ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတွေအရ မက်ဆီရဲ့ Conversion Rate က (၈.၅)ရာခိုင်နှုန်းရှိပြီး စီရော်နယ်လ်ဒိုကတော့ (၆.၁)ရာခိုင်နှုန်းသာရှိနေတာပါ။ ၂၀၁၈၊ ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ဖရီးကစ်ကန်သွင်းမှု အကောင်းဆုံး ကစားသမားစာရင်းမှာ စီရော်နယ်လ်ဒိုဟာ ထိပ်ဆုံး(၁၈)ဦးထဲမှာတောင် မပါခဲ့ဘဲ မက်ဆီက အဆင့်(၁၅)နေရာရခဲ့ပါတယ်။

ဖရီးကစ်နည်းစနစ်ပိုင်းမှာလည်း မက်ဆီပဲ အသာရနေ

မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့နှစ်ဦးရဲ့ ဖရီးကစ်ကန်သွင်းတဲ့ နည်းစနစ်ကို ချိန်ထိုးကြည့်ရင် မက်ဆီကပဲ ပိုအသာရနေတယ်။ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ Trademark ဖြစ်တဲ့ Knuckle Ball Freekicks (ဘောလုံးကို အရှိန်ပြင်းပြင်းနဲ့ ဝေ့၀ိုက်ကန်ချက်)နဲ့ လှပတဲ့ ဖရီးကစ်သွင်းဂိုးတွေ သွင်းယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ မက်ဆီကတော့ ပုံစံအမျိုးမျိုးနဲ့ ပါးစပ်အဟောင်းသားဖြစ်စရာ ဖရီးကစ်ဂိုးတွေကို စီရော်နယ်လ်ဒိုထက် ပိုသွင်းခဲ့ပါတယ်။ လောလောလတ်လတ်အနေနဲ့ ပြီးခဲ့တဲ့တစ်ပတ်ကျော်က အက်စ်ပန်ညိုနဲ့ပွဲမှာ Panenka ကန်ချက်နဲ့ ဖရီးကစ်ဂိုး သွင်းယူခဲ့ပြီး ဂိုးသမားတွေကို အကြောင်ရိုက်သွင်းခဲ့တဲ့ ဖရီးကစ်ဂိုးတွေလည်း မနည်းမနေပါပဲ။ ကွန်ပြူတာနဲ့ တွက်ချက်ထားသလို ထောင့်ထဲကို ဝေ့၀ိုက်ကန်သွင်းချက်၊ နောက်ခံလူတံတိုင်းအောက်ကနေ ကန်သွင်းတဲ့ Tricky Shot တွေက မက်ဆီ ကန်နေကျဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအချက်အလက်အကြောင်းအရာတွေအရ မက်ဆီဟာ စီရော်နယ်လ်ဒိုထက် ဖရီးကစ်စွမ်းဆောင်ရည် ပိုကောင်းတယ်ဆိုတာ ငြင်းလို့မရပါဘူး။ တခြားအပိုင်းတွေမှာ ဘယ်သူပိုသာလဲ အငြင်းပွာစရာဖြစ်နိုင်ပေမယ့် ဖရီးကစ်ကန်သွင်းတဲ့နေရာမှာတော့ မက်ဆီက ဆရာကြီးလို့ပဲ ပြောရမှာပါ။

REF:sportskeeda
Photo:How It Works Magazine,Scoopnest,HITC,SPORTbible
Naing Linn(Akhayar)
www.akhayar.com