ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi ဟာ ဗီလာရီးယဲလ်နဲ့ (၄)ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ မှတ်တမ်းကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ တတိယချေပဂိုးကို ဖရီးကစ်ကနေ ကန်သွင်းခဲ့ပြီး နောက်ဆုံး(၃)ပွဲဆက် ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့တဲ့ မှတ်တမ်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဖရီးကစ်ကနေ မက်ဆီ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၇)ဂိုးအထိရှိလာပြီး ကစားသမားဘ၀တစ်လျှောက်ဆိုရင်တော့ (၄၇)ဂိုးအထိရှိနေပါပြီ။ အဲဒီထဲမှာ (၄၁)ဂိုးက ဘာစီလိုနာအတွက် သွင်းယူခဲ့တာဖြစ်ပြီး (၆)ဂိုးကတော့ အာဂျင်တီးနားအသင်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက် မက်ဆီ ပထမဆုံးသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးက ၂၀၀၈ ခုနှစ်တုန်းက အက်သလက်တီကိုအသင်းကို (၆-၁)ဂိုးနဲ့အနိုင်ယူခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။ မက်ဆီရဲ့ ဖရီးကစ်သွင်းဂိုးအရေအတွက်က တကယ့်ကို အထင်ကြီးစရာဖြစ်ပေမယ့် သူ့ရဲ့အဓိကပြိုင်ဘက် စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မှတ်တမ်းခြင်းယှဉ်ရင်တော့ စီရော်နယ်လ်ဒိုက နှာတစ်ဖျားသာနေဆဲပါပဲ။ စီရော်နယ်လ်ဒိုဟာ ကစားသမားဘ၀တစ်လျှောက်မှာ ဖရီးကစ်ကနေ (၅၃)ဂိုးသွင်းယူခဲ့ပြီး မန်ယူအတွက် (၁၃)ဂိုး၊ ရီးယဲလ်အသင်းအတွက် (၃၂)ဂိုး၊ ပေါ်တူဂီအသင်းအတွက် (၈)ဂိုးသွင်းယူခဲ့တာပါ။ စီရော်နယ်လ်ဒို ပထမဆုံးသွင်းယူခဲ့တဲ့ ဖရီးကစ်ကတော့ ၂၀၀၆၊ ဖေဖော်ဝါရီလတုန်းက ဖူလ်ဟမ်ကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့ပွဲမှာ မန်ယူအသင်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဖရီးကစ်သွင်းဂိုးမှတ်တမ်းမှာ စီရော်နယ်လ်ဒိုကို မမီသေးပေမယ့် တခြားသွင်းဂိုးစံချိန်တစ်ခုကိုတော့ အမီလိုက်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဥရောပထိပ်သီးလိဂ်(၅)ခုရဲ့ သွင်းဂိုးအများဆုံးစံချိန်မှတ်တမ်းဖြစ်ပြီး အခုအချိန်မှာ မက်ဆီဟာ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ လာလီဂါမှာ (၃၁၁)ဂိုး၊ ပရီးမီးယားလိဂ်(၈၄)ဂိုး၊ စီးရီးအေသွင်းဂိုး (၁၉)ဂိုး သွင်းယူခဲ့ပြီး (၄၁၄)ဂိုးနဲ့ ဥရောပထိပ်သီးလိဂ်(၅)ခုရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ ဒါပေမဲ့ ဗီလာရီးယဲလ်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက်မှာတော့ မက်ဆီဟာ စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး မက်ဆီက (၃၁)နှစ်ပဲရှိသေးတာကြောင့် လာမယ့်နှစ်တွေမှာ မက်ဆီအနေနဲ့ ဥရောပထိပ်သီးလိဂ်(၅)ခုရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မယ့် အခွင့်အရေးရှိနေပါပြီ။

REF:metro,soccerladuma
Photo:Tribuna,Getty Images,FOX Sports Asia,FC Barcelona
Naing Linn(Akhayar)
www.akhayar.com