ဘာစီလိုနာအသင်း နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi ဟာ အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီရာသီကုန်မှာ ဘာစီလိုနာကနေ အလွတ်နဲ့ထွက်ခွာခွင့်ရှိနေပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ဟာ ၂၀၀၅ ခုနှစ်ကစပြီး စာချုပ်သက်တမ်းတိုးခဲ့တာက (၈)ကြိမ်အထိရှိပြီး ၂၀၁၇ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ နောက်ဆုံး ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်အရ မက်ဆီဟာ စာချုပ်သက်တမ်းပြည့်မယ့် ၂၀၂၁ ခုနှစ်မတိုင်မချင်း ရာသီကုန်တိုင်းမှာ သူဆန္ဒရှိမယ်ဆိုရင် အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ မက်ဆီ ဘာစီလိုနာနဲ့ လမ်းခွဲဖြစ်မယ်ဆို သူဟာ တခြားဥရောပကလပ်အသင်းတွေဆီ ပြောင်းရွှေ့မှာ မဟုတ်ဘဲ သူ့လူငယ်ကစားသမားဘ၀ စတင်ရာ အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းစ်အသင်းဆီ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂန္ထ၀င်တွေဖြစ်ကြတဲ့ ပူယိုးလ် Carles Puyol ၊ ဇာဗီ Xavi ၊ အင်နီယေစတာ Andres Iniesta တို့ဟာလည်း ဘာစီလိုနာကစားသမားဘ၀ နောက်ဆုံးနှစ်တွေ မတိုင်ခင် မက်ဆီလိုမျိုး သဘောတူညီချက်ပါဝင်ခဲ့ပြီး ဘောလုံးသမားဘ၀ကနေ အနားယူသွားပြီဖြစ်တဲ့ ဇာဗီဟာ ၂၀၁၄ ခုနှစ်မှာ အယ်လ်ဆက်ဒ်၊ မနှစ်တုန်းက အင်နီယေစတာဟာ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းတို့ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ကြပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အခုလောလောဆယ် ခြေသလုံးဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ ရာသီအဖွင့်ပွဲတွေကို လွဲချော်ခဲ့ပြီး မက်ဆီ မပါနိုင်တဲ့ပွဲတွေမှာ ဘာစီလိုနာအသင်း ရုန်းကန်ခဲ့ရတာကြောင့် တကယ်လို့ သူ့ကိုသာ လက်လွှတ်ခဲ့ရရင်တော့ အသင်းအတွက် စိုးရိမ်စရာအခြေအနေဖြစ်သွားပါလိမ့်မယ် . .

REF:The Sun
Photo:FC Barcelona Facebook
Naing Linn(Akhayar)
www.akhayar.com