စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Lionel Messi ဆိုတာက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဘောလုံး Super Stars တွေပါပဲ။ ၂၀၀၈ ခုနှစ်လောက်က စပြီး စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ကွင်းတွင်း အားပြိုင်မှုတွေက စတင် ပြင်းထန်လာခဲ့သလို ဆုဖလားအောင်မြင်မှု၊ တစ်ဦးချင်း အကောင်းဆုံးဆုတွေကို သူတစ်လှည့်၊ ကိုယ်တစ်လှည့်အပြန်အလှန် ရယူနိုင်ခဲ့ကြတယ်။ ကွင်းထဲမှာတော့ ကိုယ့်အသင်းအနိုင်ရရေးအတွက် ရန်သူတွေလို ရင်ဆိုင်ခဲ့ရပေမယ့် ကွင်းပြင်ပမှာတော့ သူတို့နှစ်ဦးက တကယ့်ကို သူငယ်ချင်းကောင်းတွေပါပဲ။ ပြီးခဲ့တဲ့ UEFA အကောင်းဆုံးဘောလုံးသမား ဆုပေးပွဲအခမ်းအနားမှာ စီရော်နယ်လ်ဒိုက တစ်ချိန်ချိန်ကျရင် မက်ဆီနဲ့ ညစာအတူစားခွင့်ရဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့သလို သူတို့နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် အသာရအောင် အပြိုင်အဆိုင်ကြိုးပမ်းခဲ့လို့ အခုလိုအနေအထားမျိုး ရောက်လာတာပါလို့ ဆိုခဲ့တယ်။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ နှစ်ဦးကို နှိုင်းယှဉ်ကြည့်ရင် မတူညီတာတွေ များပေမယ့် သူတို့နှစ်ဦးကြားမှာ တိုက်တိုက်ဆိုင်ဆိုင် တူညီနေတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါက ဘာများဖြစ်မလဲ . .

မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ ထူးခြားတဲ့ တိုက်ဆိုင်မှုကတော့ သူတို့နှစ်ဦး နာမည်က နာမည်ကျော် လူပုဂ္ဂိုလ်တွေကို အစွဲပြုပြီး ဒီကစားသမားနှစ်ဦးရဲ့ မိဘတွေက သတ်မှတ်ပေးထားတာပါပဲ။ ဥပမာ မက်ဆီရဲ့ နာမည်အပြည့်အစုံက Lionel Andrés Messi Cuccittini ပါ။ အဖေနာမည်က ဂျော့ခ်ျမက်ဆီ Jorge Messi ၊ အမေနာမည်က ဆီလီယာကူချီတီနီ Celia Cuccittini ဖြစ်တာကြောင့် မိဘနာမည်နှစ်ခုလုံး ပါတာ မဆန်းပေမယ့် လီယွန်နယ်ဆိုတာက ဘာကြောင့်ပါနေရတာပါလဲ . . အကြောင်းကတော့ မက်ဆီရဲ့ မိဘတွေက အမေရိကန် နာမည်ကျော်အဆိုတော် လီယွန်နယ်ရစ်ချီ Lionel Richie ကို အသည်းစွဲဖြစ်ခဲ့ကြလို့ သူတို့အကြိုက် အဆိုတော်နာမည်ပါအောင် သားဖြစ်သူကို Lionel Andrés Messi Cuccittini လို့ အမည်ပေးခဲ့ကြတာဖြစ်ပါတယ်။

(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

လီယွန်နယ်ရစ်ချီဆိုတာက အခုနောက်ပိုင်း မြန်မာနိုင်ငံက သီချင်းချစ်သူတွေ သိပ်မသိကြပေမယ့် ၁၉၈၀ ၀န်းကျင်လောက်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ “Stuck On You”(မြန်မာသီချင်းကတော့ “ရေစီးကြောင်း သံယောဇဉ်”ပေါ့)၊ “Hello” စတဲ့ သီချင်းတွေက လူသိများခဲ့ပါတယ်။ လီယွန်နယ်ရစ်ချီကလည်း အာဂျင်တီးနားအသင်း ပရိသတ်တစ်ဦးဖြစ်ပြီး ၂၀၁၆ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်း ရှုံးနိမ့်ခဲ့တော့ မက်ဆီကိုတောင် အားပေးစကားဆိုခဲ့ပါသေးတယ်။

စီရော်နယ်လ်ဒိုရဲ့ နာမည်ကတော့ ပရိသတ်တော်တော်များများ သိလောက်မှာပါ။ သူ့ရဲ့ နာမည်အပြည့်အစုံက Cristiano Ronaldo dos Santos Aveiro ဖြစ်ပြီး ရော်နယ်လ်ဒိုဆိုတာက ဘရာဇီးလ်ဂန္ထ၀င်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo ကို အစွဲပြုပေးထားတာ မဟုတ်ပါဘူး။ သူ့အမေဖြစ်တဲ့ အယ်ဗီရို Aveiro က ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ရော်နယ်လ်ရေဂန် Ronald Reagan ကို လေးစားအားကျတဲ့အနေနဲ့ သားဖြစ်သူရဲ့ နာမည်မှာ ရော်နယ်လ်ဒိုပါအောင် သတ်မှတ်ပေးခဲ့တာပါ။ “သူ့(စီရော်နယ်လ်ဒို) နာမည်မှာ ရော်နယ်လ်ဒိုကို ထည့်သွင်းခဲ့တာက ရော်နယ်လ်ရေဂန်ကို ဂုဏ်ပြုချင်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရော်နယ်လ်ရေဂန်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတစ်ယောက်ပုံ ပေါက်လို့ဖြစ်ပါတယ်”လို့ အယ်ဗီရိုက ပြောခဲ့ဖူးတယ်။ မြန်မာအယူအဆနဲ့ ဆိုရင်တော့ “ပညတ်သွားရာ ဓါတ်သက်ပါ”လို့ပဲ ပြောရမလား . .စီရော်နယ်လ်ဒိုဟာ ရော်နယ်လ်ရေဂန်လို ယုံကြည်မှုအပြည့်နဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဖြစ်လာတာကို ပရိသတ်တွေလည်း အသိဖြစ်ပါလိမ့်မယ်။ ကဲ ..Akhayar Sports ပရိသတ်ကြီးရေ အခုဆိုရင် စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ထူးထူးခြားခြားတိုက်ဆိုင်မှုကို သိလောက်ပြီပေါ့။ နောက်ထပ်လည်း ဒီလို ဗဟုသုတဖြစ်စရာ ဆောင်းပါးတွေကို ဖော်ပြသွားဦးမှာဖြစ်လို့ Akhayar Sports ကို ဆက်လက်အားပေးပါဦးလို့ တိုက်တွန်းလိုက်ပါရစေဗျား . .

REF:Oh My Goal
Photo:Leo Messi Facebook,Cristiano Ronaldo Facebook, Getty Images
Naing Linn(Akhayar)
www.akhayar.com