နာရီနဲ့ဖိနပ်ကောင်းကောင်း ရှိရင်ယောက်ျားလေးတစ်ယောက် စမတ်ကျတယ်လို့ ဟိုတုန်းကတော့ပြောကြတာပဲ။ အခုခေတ်မှာတော့ ဒီနှစ်ခုထဲနဲ့မလုံလောက်တော့ပါဘူး။ ဖက်ရှင်ကြဖို့လဲလိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နာရီကောင်းကောင်းတစ်လုံးဆိုတာက ယောက်ျားလေးတိုင်းအတွက်လိုအပ်ပါတယ်။ (ချစ်သူကိုလက်ဆောင်ပေးချင်တဲ့ မိန်းကလေးတွေလည်းဖတ်ထားသင့်ပါတယ်) ဒါဆိုဘယ်လိုရွေးဝယ်မှာလဲ။

(၁) ဈေးနှုန်း

တော်တော်များများနာရီဝယ်ပြီဆိုရင် ကြည့်လေ့ရှိတာကတော့ ဈေးနှုန်းပါ။ ဈေးကြီးရင်ပိုကောင်းတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် ဒါကအမြဲမမှန်ပါဘူး။ ဈေးအရမ်းမကြီးပေမယ့် အရေအသွေးကောင်းတဲ့နာရီတွေလည်းရှိပါတယ်။ ကိုယ်မကြိုက်တဲ့ ပုံဆိုးပန်းဆိုးနာရီ ကြီးဆိုရင်ရင်ရော ဈေးကြီးကြီးပေးပြီးတော့ ဝယ်ဝတ်မှာပါလား။ ဒါပေမယ့် စီးပွားရေးလုပ်ငန်း ရှင်တစ်ယောက်ကဆိုရင်တော့ နာရီရဲ့အရည်အသွေးထက်စာရင် ဈေးနှုန်းကအရေးကြီးပါတယ်။ ဈေးကြီးတယ်လို့ လူသိများတဲ့တံဆိပ်ဖြစ်လေ၊ကောင်းလေပါပဲ။ ပုံမှန်လူတစ်ယောက်အတွက်ကတော့ ဈေးနှုန်းလည်းသင့်တင့်မယ့်အပြင် အရည်အသွေးလည်း ကောင်းမွန်မယ့်နာရီကိုရှာဝယ်သင့်ပါတယ်။

 (၂) အမျိုးအစား

ဒီမှာပြောချင်တာက နာရီရဲ့တံဆိပ် (Brand) ကိုမဟုတ်ပါဘူး။ နာရီရဲ့အလုပ်လုပ်တဲ့ပုံစံပါ။ ရွေ့လျားတဲ့စနစ်အပေါ်မူတည်ပြီး နာရီတွေကို နှစ်မျိုးခွဲလို့ရပါတယ်။ ပထမတစ်မျိုးက Quartzပါ။ သူကဘတ္ထရီနဲ့ရွေ့လျားပါတယ်။ နောက်တစ်မျိုးကတော့ Automatic နာရီတွေပါ။ သူတို့ကတော့ ဘတ္ထရီမလိုပါဘူး။ လက်လှုပ်တာနဲ့ အလိုအလျောက်ရွေ့လျားပေးပါတယ်။Quartz နာရီတွေက Automatic နာရီတွေထက်စာရင် အသုံးပြုရလွယ်ပြီးတော့ ဈေးလည်းသက်သာတဲ့အပြင် အချိန်လည်းပိုတိကျပါတယ်။ ဒါပေမယ့် လက်မှုပညာရပ်ကိုသုံးပြီးတော့ အနုစိတ်ပုံဖော်ထားတဲ့ Automatic နာရီတွေက ပိုပြီးတော့ အနုပညာမြောက်ပါတယ်။ ဒီအချက်ကြောင့်လည်း Automatic နာရီတွေက Quartz နာရီတွေထက် ဈေးအများကြီးပိုကြီးသွားတာပါ။

You May Also Like: “တရုတ်နှစ်သစ်ကူး အထူးပရိုမိုးရှင်းများ”

(၃) အသုံးဝင်မှု

နာရီဘယ်လိုအလုပ်လုပ်တယ်၊ အထဲမှာဘာတွေရှိနေတယ်ဆိုတာကို သိနေရုံနဲ့ မလုံလောက်ပါဘူး။ ဒီနာရီကို ဘာအတွက်သုံးမှာလဲဆိုတာကလည်း အရေးကြီးပါတယ်။ နာရီကိုဖက်ရှင်ကျဖို့အဓိကလား၊ အကြမ်းပတမ်းသုံးမှာလား၊ ဈေးကြီးတာဝတ်နိုင်ဆိုတာပြဖို့လား၊ ဒါမှမဟုတ် အချိန်သိရုံပဲလားဆိုတာကို ကိုယ့်ကိုကိုယ်သေချာမေးပါ။တချို့နာရီတွေက တောင်တက်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတာမျိုးဖြစ်သလို၊ ရေငုပ်သမားတွေအတွက် ရေအနက်အများကြီးရောက်တဲ့အထိ အလုပ်လုပ်တဲ့ နာရီမျိုးတွေလည်းရှိပါတယ်။ ပြိုင်ကားမောင်းသမားတွေ၊ ပိုက်လော့ တွေအတွက်သီးသန့်ထုတ်ထားတဲ့နာရီတွေလည်းရှိပါတယ်။ကိုယ်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နာရီမျိုးကိုရွေးချယ်ဝယ်ယူပါ။

(၄) နှစ်သက်မှု

လုပ်ဆောင်ချက်တူတဲ့ ဒေါ်လာ နှစ်သောင်းတန်နာရီနဲ့ ဒေါ်လာငါးသောင်းတန်နာရီမှာဆိုရင် ဒေါ်လာငါးသောင်းတန်နာရီက ပိုပြီးတော့လူဝယ်များပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့တံဆိပ်ကပိုပြီးတော့လူကြိုက်များလို့ပါ။ ဒီအချက်ကလည်းအရေးပါပါတယ်။ Quartz နာရီတွေက Automatic နာရီတွေထက်အချိန်ပိုတိကျပေမယ့် လူသိများတဲ့ အမှတ်တံဆိပ် နဲ့ Automatic နာရီတွေကိုသာ လူကြိုက်ပိုများတာကတော့ အရမ်းကိုသိသာပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)