[Zawgyi]

ဒီနေ့ဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မွေးနေ့ဖြစ်ပါတယ်

ဒီနေ့ဟာ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် အသက် (၁၁၀) ပြည့် မွေးနေ့ဖြစ်မှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ မြန်မာဟေ့လို့ ပြောလိုက်ရင် မြေပုံထောက်ပြလို့ မသိတဲ့သူတွေတောင် “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်က တို့နိုင်ငံကလေ”ဆိုရင် သိကြတာ များပါတယ်။

 

ဦးသန့်အကြောင်း

ဦးသန့်အကြောင်း သိတဲ့သူတွေ အများကြီးရှိသလို မသိသေးတဲ့သူတွေအတွက်လည်း နည်းနည်းပြောပြချင်ပါတယ်။ ဦးသန့်ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ပန်းတနော်အမျိုးသားအထက်တန်းကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။

၁၉၂၇ ရန်ကုန်တက္ကသိုလ်ကျောင်းသားလေး ဦးသန့်

၁၉၂၇ ရန်ကုန်တက္ကသိုလ်ကျောင်းသားလေး ဦးသန့်

ဦးသန့်ရဲ့ ဖခင် ဦးဖိုးနှစ်ဟာ ကာလကတ္တားမြို့မှာ ပညာသင်ယူခဲ့ပြီးတော့ ပန်းတနော်မြို့မှာ အင်္ဂလိပ်လို ကောင်းကောင်းပြောဆိုနိုင်တဲ့ တစ်ဦးတည်းသော လူဖြစ်ပြီး သားတွေကို ဘွဲ့တစ်ခုလောက်တော့ ရစေချင်ခဲ့သူပါ။ ဦးဖိုးနှစ်ဟာ အမေရိကန်နဲ့ ဗြိတိသျှစာအုပ်တွေကိုလည်း ကိုယ်ပိုင်စာကြည့်တိုက်ငယ်အနေနဲ့ စုဆောင်းထားပြီး သားတွေကို စာဖတ်ခြင်းအလေ့ကို ပျိုးထောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ပြောရရင်တော့ ဦးသန့်ဟာ ငယ်ငယ်တည်းက မျိုးစေ့မှန်လို့ အပင်သန်ခဲ့တယ်ဆိုရမှာ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ မိသားစု

ဦးသန့်ရဲ့ မိသားစု

ဦးသန့်ရဲ့ ငယ်ဘဝအိပ်မက်ကတော့ စာရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့တာ ဖြစ်ပြီး ဦးသန့် အသက် ၁၄ နှစ်အရွယ်မှာတော့ ဖခင်ဦးဖိုးနှစ် ကွယ်လွန်ခဲ့ပါတယ်။ ဒီမှာတင် သားအကြီးဆုံးဖြစ်တဲ့ ဦးသန့်အပေါ် မိသားစုတာဝန်တွေ ကျလာပြီး လေးနှစ်တက်ရမယ့် ဘွဲ့ဒီဂရီအစား နှစ်နှစ်တက်ရမယ့် သင်ကြားရေး Certificate ကိုပဲ ရွေးချယ်ခဲ့ပါတယ်။  ၁၉၃၁ ခုနှစ် အသက် ၂၅ နှစ်အရွယ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဖြစ်စာမေးပွဲမှာ တစ်နိုင်ငံလုံးပထမချိတ်ပြီး ပန်းတနော်အမျိုးသား အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပါတယ်။ သူ့အပေါ် လွှမ်းမိုးတဲ့သူတွေကတော့ ဗြိတိသျှလေဘာပါတီနိုင်ငံရေးသမား နာမည်ကျော် Sir Stafford Cripps ၊ ဆွန်ယက်ဆင်နဲ့  ဂန္ဒီတို့ပဲ ဖြစ်ပါတယ်။

Sir Stafford Cripps

ဦးသန့်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးနုဖြစ်လာမယ့် ကိုနုနဲ့ တက္ကသိုလ်မှာ ခင်မင်ရင်းနှီးခဲ့တဲ့အတွက် ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ ဦးသန့်ကို ပြန်ကြားရေးဌာနအတွင်းရေးမှုးအနေနဲ့ ခန့်အပ်ခဲ့ပါတယ်။ ဦးသန့်ဟာ ကရင်သောင်းကျန်းသူစခန်းတွေဆီ အရောက်သွားပြီး ငြိမ်းချမ်းရေးအတွက်လည်း ဆွေးနွေးခဲ့သူ ဖြစ်ပါသေးတယ်။ ဆွေးနွေးမှု ပျက်ပြားသွားတဲ့အခါ သောင်းကျန်းသူတွေဟာ ဦးသန့်ရဲ့ အိမ်အပါအဝင် ပန်းတနော်တစ်မြို့လုံးကို မီးတင်ရှို့ခံခဲ့ရပါတယ်။ ဦးသန့်ဟာ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှုးအနေနဲ့ တာဝန်ထမ်းဆောင်ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးသူ၊ နိုင်ငံခြားခရီးတွေကို စီစဉ်ပေးသူနဲ့ နိုင်ငံခြားသားတွေကို တွေ့ဆုံရာမှာ တောက်လျှောက်ကူညီခဲ့သူ ဖြစ်ပါတယ်။

ဦးသန့်နဲ့ ဦးနု

ဦးသန့်နဲ့ ဦးနု

နောက်ပိုင်းမှာတော့ ဦးသန့်နဲ့ ဦးနုတို့ မသင့်မမြတ်ဖြစ်ကြလို့ ၁၉၅၇ ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်နဲ့ ခန့်အပ်ပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို စေလွှတ်ခဲ့ပါတယ်။ ဦးသန့်ဟာ မြန်မာအစိုးရက ပေးအပ်ချီးမြှင့်တဲ့ မဟာသရေစည်သူဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဘဝ

စက်တင်ဘာလ ၁၉၆၁ ခုနှစ်မှာတော့ ကုလသမဂ္ဂရဲ့ ဒုတိယမြောက်အထွေထွေအတွင်းရေးမှုးချုပ် ဒက်ဟမ်းမားရှိုး လေယာဉ်ပျက်ကျပြီးသေဆုံးခဲ့တဲ့အခါ ဒက်ဟမ်းမားရှိုးရဲ့ကျန်ရှိသက်တမ်းကို ထမ်းဆောင်ဖို့အတွက် ကုလသမဂ္ဂဟာ အပူတပြင်းရှာဖွေရပါတော့တယ်။ ဒီနေရာမှာ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ ဆိုဗီယက်နိုင်ငံတို့ဟာ တခြားအဖွဲ့ဝင်တွေ အဆိုပြုလာတဲ့သူတွေကို သဘောတူညီမှုမရဘဲ နိုင်ငံငယ်လေးကလည်း ဖြစ်၊ ဘက်မလိုက်လှုပ်ရှားမှုကို မွေးဖွားပေးခဲ့တဲ့ သူတွေထဲမှာလည်း ပါဝင်ခဲ့တဲ့ ဦးသန့်ကို ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ ယာယီအထွေထွေအတွင်းရေးမှုးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂတတိယမြောက်အထွေထွေအတွင်းရေမှုးချုပ်အနေနဲ့ ခန့်အပ်ခဲ့ပါတော့တယ်။ အာရှသားထဲကနေ ပထမဆုံး ကုလအထွေထွေအတွင်းရေးမှုးချုပ်ဖြစ်လာသူဖြစ်ပြီး သူ့ရဲ့ ပထမသက်တမ်းမှာတော့ ကျူးဘားဒုံးပျံပြဿနာကို ပါဝင်စေ့စပ်ပေးနိုင်မှုနဲ့ ကွန်ဂိုပြည်တွင်းစစ် ပြီးဆုံးစေခဲ့မှုတို့ကြောင့် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ ဦးသန့်က ပြောခဲ့တာတော့ သူဟာကမ္ဘာ့စူပါပါဝါနိုင်ငံတွေကြားက တင်းမာမှုတွေကို ဖြေလျှော့ပေးချင်ခဲ့ပါတယ်တဲ့။

ဦးသန့်ဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဒုတိယသက်တမ်းကိုတော့ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်းထောက်ခံမှုနဲ့ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထပ်မံခန့်အပ်ခံခဲ့ရပါတယ်။ ဦးသန့်ရဲ့ ဒုတိယသက်တမ်းမှာတော့ အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေးနဲ့ အိန္ဒိယပါကစ္စတန်စစ်ပွဲစတာတွေကို ဖြေရှင်းခဲ့ရပါတယ်။

ဦးသန့်နဲ့ အိန္ဒိယဝန်ကြီးချုပ် ပန်ဒစ်နေရူး

ဦးသန့်နဲ့ အိန္ဒိယဝန်ကြီးချုပ် ပန်ဒစ်နေရူး

ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဦးသန့်နဲ့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ

ဦးသန့်နဲ့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ

ဦးသန့်နဲ့ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ

ဦးသန့်နဲ့ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ

ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စထရိုနဲ့ ဦးသန့်

ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စထရိုနဲ့ ဦးသန့်

ဦးသန့်ဟာ အသားအရောင်ခွဲခြားမှုကို အပြင်းအထန်ဆန့်ကျင်သူဖြစ်ပြီး တခြားအချက်အနေနဲ့ကတော့ UFO တွေကို စိတ်ဝင်တစားလေ့လာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက် ၁၉၆၁ ခုနှစ်ကနေပြီး  ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ အထိ ဆယ်နှစ်တိုင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်အနေနဲ့ ထမ်းဆောင်ခဲ့သူဖြစ်ပြီး တတိယသက်တမ်းကို ဘယ်အကြောင်းနဲ့မှ ဆက်လက်ထမ်းဆောင်မယ့်သူမဟုတ်ကြောင်း ယတိပြတ်ငြင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ဦးသန့်အရေးအခင်း

ဦးသန့်ဟာ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ်အရွယ်မှာတော့ နယူးယောက်မြို့မှာ အဆုတ်ကင်ဆာနဲ့ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုက ဦးသန့်ရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံကို ပြန်သယ်လာခဲ့ပေမယ့် အဲဒီတုန်းက မြန်မာအစိုးရဟာ ပြည်တွင်းနိုင်ငံရေးအခြေအနေကြောင့် ဦးသန့်ရုပ်အလောင်းကို ဘယ်လို အခမ်းအနားနဲ့မှ မကြို၊  ဂုဏ်ပြသဂြိုဟ်မှုတောင် မလုပ်ခဲ့ဘဲ သာမန်မြှုပ်နှံသဂြိုင်္ဟ်ပစ်စေခဲ့တာပါပဲ။ ဦးသန့်ရဲ့ ရုပ်အလောင်းခေါင်းတလားရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတာတောင်မှ အဆင့်မြင့်အရာရှိတစ်ယောက်တလေမှ လာရောက်ကြိုဆိုခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဦးသန့်ရဲ့ ရုပ်အလောင်းကို အများပြည်သူ နောက်ဆုံးဂါရဝပြုနိုင်ဖို့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားတဲ့အချိန်မှာ လူထောင်ပေါင်းများစွာဟာ နောက်ဆုံးအနေနဲ့ ဂါရဝပြုခဲ့ကြပါတယ်။ ဒါပေမယ့် ကြံတောသုသာန်မှာ မြှုပ်နှံဖို့ သဘောမတူတဲ့ ကျောင်းသားများဟာ ဦးသန့်ရဲ့ အလောင်းကို လုယူသွားပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနေရာဟောင်းမှာ မြှုပ်နှံသဂြိုင်္ဟ်ခဲ့ကြပါတယ်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ အစိုးရစစ်တပ်ဟာ ကျောင်းဝင်းကို ဝင်စီးနင်းပြီး ဦးသန့်ရုပ်အလောင်းကို ပြန်လည်ယူဆောင်သွားကာ ရွှေတိဂုံစေတီတော် ခြေရင်းမှာ မြှုပ်နှံခဲ့ပါတယ်။

ဒီလို တရကြမ်းဝင်ရောက်လုယူမှုကြောင့် ကျောင်းသားနဲ့ ပြည်သူတွေ အုံကြွမှုဖြစ်ခဲ့ပြီး ဦးသန့်အရေးအခင်းလို့ လူတွေသိတဲ့ အရေးအခင်းဖြစ်ပွားခဲ့ရပါတယ်။

ဦးသန့်ကို ဂုဏ်ပြုမှုများနဲ့ ဦးသန့်ရရှိခဲ့တဲ့ ဆုတံဆိပ်များ

နယူးယောက် ကုလသမဂ္ဂဌာနချုပ်အနီးမှာရှိတဲ့ မြစ်ထဲက ကျွန်းငယ်လေးကို ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးသန့်ကျွန်းလို့ နာမည်ပေးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ United Nations University က အဓိကကွန်ဖရင့်ခန်းမကြီးကို ဦးသန့်အမည်နဲ့ မှည့်ခေါ်ထားတာတွေလည်း ရှိပါတယ်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူက လမ်းတစ်လမ်းကိုလည်း  Jalan U Thant (ဦးသန့်လမ်း) လို့ ဂုဏ်ပြုခေါ်တွင်ခဲ့သလို တခြားဂုဏ်ပြုမှုတွေလည်း ရှိခဲ့ပါတယ်။

ဦးသန့်ဟာ ဆုတွေ၊ ဂုဏ်ပြုမှုတွေကို ယေဘူယျအနေနဲ့ လက်ခံဖို့ ဝန်လေးသူဖြစ်ပြီး ဦးနုက နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုပေးအပ်တုန်းကလည်း ငြင်းပယ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် Jawaharlal Nehru Award ကို ၁၉၆၅ ခုနှစ်နဲ့ ဂန္ဒီငြိမ်းချမ်းရေးဆုကိုတော့ ၁၉၇၂ ခုနှစ်မှာ လက်ခံခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာတော့ ရန်ကုန်မှာ ရှိတဲ့ ဦးသန့်ရဲ့ အိမ်ကို ဦးသန့်အမှတ်တရလက်ရာပစ္စည်းတွေနဲ့ ပြတိုက်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

ကွယ်လွန်ခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် သမိုင်းစာမျက်နှာတစ်ခုကို ရေးထိုးနိုင်ခဲ့တဲ့ ဦးသန့်ရဲ့လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူပြည်သားအတွက် အမြဲတမ်းလေးစားအားကျဖွယ်ရာ ဖြစ်နေတော့မှာလည်း ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : wiki, quora, yourdictionary.com

Photo Credit  : U Thant House