ဘောလုံးလောကမှာတော့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗိုလ်လုပွဲတွေက မရေမတွက်နိုင်အောင်ပါပဲ။ အကောင်းဆုံးဗိုလ်လုပွဲလို့ဆိုရင် ဟိုပွဲလိုလို၊ ဒီပွဲလိုလို ရွေးချယ်ရခက်ပါတယ်။ ငယ်ငယ်ကတည်းက အခုအချိန်အထိ ကြည့်ခဲ့ရတဲ့ ဗိုလ်လုပွဲ၊ မကြည့်လိုက်ရပေမယ့်လည်း ကျွန်တော့် စိတ်ထဲ အခုအထိ စွဲကျန်နေတဲ့ ဗိုလ်လုပွဲတွေကို ပရိသတ်တွေနဲ့အတူ ပြန်လည်ခံစားကြည့်ချင်ပါတယ်။ ဒါက နည်းနစ်သုံးသပ်တာမျိုး မဟုတ်ဘဲ အဲဒီအချိန်က ခံစားချက်ကို ကိုယ့်စိတ်ကူးနဲ့ ပြန်ရေးတာဖြစ်လို့ ပုဂ္ဂိုလ်ရေး အမြင်တွေပါနိုင်တာမို့ အမြင်မတူတာရှိရင် ခွင့်လွတ်ပေးကြပါဗျား  . . .

၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ
မှတ်မှတ်ရရ ကျွန်တော့်ဘ၀မှာ ကြည့်ခဲ့ရတဲ့ ပထမဆုံးဗိုလ်လုပွဲဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က (၇)နှစ်လောက်ပဲရှိဦးမယ်။ သိပ်အမှတ်မိကြီးတော့ မဟုတ်ပါဘူး။ မြန်မာ့ရုပ်မြင်သံကြားကနေ လွှင့်တာကို ကြည့်ခဲ့ရတာ။ ဘရာဇီးလ်-အီတလီပွဲပေါ့။ ငယ်ငယ်ကတည်းက အားကစားဝါသနာပါလို့လာတော့ မသိဘူး၊ အထူးသဖြင့် ဘောလုံးပွဲတွေဆို တအားကြိုက်ခဲ့တယ်။

Roberto-Baggio

Roberto-Baggio

၁၉၉၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အဲဒီအချိန်တုန်းက လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ အီတလီ တိုက်စစ်မှူး ဘက်ဂီယို Roberto Baggio ကို ကျွန်တော်တို့ တစ်အိမ်လုံး ကြိုက်ကြတယ်။ ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် ဘောလုံးသမားဖြစ်နေတာကြောင့်လည်း ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ သူ ပယ်နယ်တီလွဲသွားလို့ အီတလီ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပြီးနောက်ပိုင်း ကျွန်တော်လည်း အီတလီအသင်း ပရိသတ် ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်။

၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ရုပ်သံဖိုင်ကြည့်ရန်လင့်ခ်

၁၉၉၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ
၁၉၉၈ မှာတော့ အသက်လေးလည်း နည်းနည်းကြီးလာပြီ။ အားကစား စာစောင်တွေဖြစ်တဲ့ တံခွန်၊ အင်အား တို့လို ဂျာနယ်တွေကိုလည်း ဖတ်နေပြီဆိုတော့ ရော်နယ်လ်ဒို Ronaldo ၊ ရိုမာရီယို Romario ၊ ဗီယာရီ Christian Vieri ၊ ဆာလက်စ် Marcelo Salas ၊ အိုဝင် Michael Owen ၊ ဘက်ခမ် David Beckham တို့ကို ကောင်းကောင်းသိနေပြီ။ ကံကောင်းတာကလည်း အဲဒီအချိန်တုန်းက စနေ၊ တနင်္ဂနွေဆို ရုပ်မြင်သံကြားက ပရီးမီးယားလိဂ် Highlight တွေ ပြန်လာလို့ တောက်လျှောက်ကြည့်ဖြစ်ခဲ့တယ်။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ကိုယ့်ရဲ့ Favourite က အီတလီပေါ့။ ဘရာဇီးလ်ကိုလည်း ရော်နယ်လ်ဒို Ronaldo၊ ဘီဘက်တို Bebeto တို့ ပါလို့ ကြိုက်တော့ကြိုက်တယ် အီတလီလောက်တော့ မဟုတ်ဘူး။ အင်္ဂလန်လည်း ဒီလိုပဲ။

1998-FIFA-World-Cup-Final

1998-FIFA-World-Cup-Final

ဒါပေမဲ့ ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို အီတလီ ပယ်နယ်တီနဲ့ ရှုံးတော့ မကျေမနပ်ဖြစ်ပြီး ပြင်သစ်ကို ပြုတ်စေချင်တယ်။ ပြင်သစ်ကလည်း တအားကောင်း။ ဘားသက်ဇ် Fabien Barthez ရဲ့ ခေါင်းပြောင်ပြောင်ကို ဘလန့် Laurent Blanc နမ်းတာကို ဘယ်လိုမှ ကြည့်မရခဲ့ဘူး။ ဗိုလ်လုပွဲရောက်တော့ နှစ်သင်းစလုံးကို မကြိုက်ပေမယ့် အီတလီကို ဖြုတ်လာတဲ့ ပြင်သစ် ရှုံးစေချင်တယ်။ မှတ်မှတ်ရရ အဲဒီပွဲက မနက်အစောကြီး ကစားတာ။ နောက်နေ့လည်း ကျောင်းတက်ရမယ်။ ပွဲကလည်းကောင်းဆိုတော့ စောင့်ကြည့်မယ်ဆိုပြီး လုပ်တာပေါ့။ ပွဲလာခါနီးမှ အိပ်ပျော်သွားတာပဲ။ နိုးလာတော့ ပြင်သစ်က (၃)ဂိုးပြတ်နဲ့ နိုင်နေပြီ။ နောက်မှ ဂျာနယ်တွေဖတ်ရင်း ပွဲမတိုင်ခင် ရော်နယ်လ်ဒို ၀က်ရူးပြန်သလိုဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ ဘရာဇီးလ် ပရိသတ်မဟုတ်ပေမယ့် ပြင်သစ်ကစားသမားတွေ ပုံစံကို ကည့်မရလို့ အဲဒီထဲကစပြီး ပြင်သစ်ကို မကြိုက်တော့ဘူး။ ဇီဒန်း Zidane ကိုလည်း မကြိုက်တော့ဘူး။

၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ရုပ်သံဖိုင်ကြည့်ရန်လင့်ခ်

၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ
ဒီပွဲကတော့ ခွေပြန်ငှားကြည့်ရတာ။ ကျွန်တော်နဲ့အသက်တူ ပရိသတ်တွေလည်း သိမှာပေါ့။ အဲဒီအချိန်က ဘောပွဲတစ်ပွဲကြည့်ဖို့ဆိုတာ အခုလို လမ်းထိပ်ထွက်ရုံ မရဘူးလေ။ မန်ယူနဲ့ဘိုင်ယန်ပွဲဆိုတော့ မကြည့်လိုက်ရပေမယ့် ခွေပြန်ငှားကြည့်ရတာ။ ရလဒ်ကို ကြိုသိပြီးသားဖြစ်ပေမယ့် ပြန်ကြည့်တော့လည်း ပွဲက ကောင်းတုန်းပဲ။

Solskjær

Solskjær

မာရီယိုဘတ်စ်လာ Mario Basler ရဲ့ ဖရီးကစ်နဲ့ ဘိုင်ယန်က ဦးဆောင်ဂိုး သွင်း ပွဲပြီးခါနီးမှ ရှရင်ဂမ် Sheringham ၊ ဆိုးလ်ရှား Solskjær တို့ ဂိုးတွေ သွင်းခဲ့တာက အခုထိ မှတ်မိနေတုန်းပဲ။ အဲဒီတုန်းက ကိုယ်တွေက မန်ယူပရိသတ်ဖြစ်နေပြီဆိုတော့ အောင်ပွဲခံရတာ အမော။ ၁၉၉၈-၉၉ တုန်းက ရုပ်သံကလည်း ပရီးမီးယားလိဂ်ပွဲတွေ၊ FA ဖလားပွဲတွေ လွှင့်နေလို့ မန်ယူပွဲ တော်တော်များများကို ကြည့်လိုက်ရသေးတယ်။

၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရုပ်သံကြည့်ရန် လင့်ခ်

Photo:ESPN,Goal,Youtube,Manchester Evening News
Naing Linn(Akhayar)
www.akhayar.com