ချစ်သူဆီက မမျှော်လင့်ဘဲ ပန်းအစည်းလိုက်လက်ဆောင်ရတာပဲဖြစ်ဖြစ်၊ ချစ်သူကို ပန်းစည်းလက်ဆောင်ပေးတာမျိုးပဲဖြစ်ဖြစ် တစ်သက်မှာ တစ်ခါလောက်တော့ ကြုံခဲ့ဖူးမှာပါ။ တချို့ကောင်လေးတွေက အစဉ်အလာအရသာ ပန်းပေးတာအဓိပ္ပာယ်ကိုမသိပါဘူး။ လက်ခံတဲ့ကောင်မလေးကလည်း အူတူတူ အတတ ဆိုရင်တော့ အဆင်ပြေမှာပေါ့နော်။ အဓိပ္ပာယ်သိတဲ့သူဆိုရင်တော့ အဲ့ဒီကောင် ဂိပြီပဲ။ ပန်းတွေမှာအဓိပ္ပာယ်ရှိသလို ပန်းတွေပေးတယ်ဆိုတဲ့ဟာကလည်း သမိုင်းကြောင်း အတိအကျရှိပါတယ်။

၁၇ရာစုက စခဲ့တာ

ဗယ်လင်တိုင်းဒေးနေ့မှာ ပန်းတွေပေးတယ်ဆိုတာက ၁၇ရာစု ဆွီဒင်မှာ ချားလ်ဘုရင်(၂) အုပ်ချုပ်တဲ့အချိန်ကတည်းက စတာပါ။ ပါရှားပြည်ကိုခရီးသွားတဲ့အချိန် ချားလ်ဘုရင် (၂) ဟာပန်းပွင့်လေးတွေရဲ့ အဓိပ္ပာယ်ကို သင်ယူနိုင်ခဲ့တာမို့  တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေမလိုတော့ပဲ ပန်းပွင့်လေးတွေနဲ့ ခံစားချက်တွေကို ဖော်ပြနိုင်ခဲ့ပါတယ်။ ဒီအလေ့အထဟာဥရောပတိုက်အထိအရောက်လာခဲ့ပြီး ပန်းပွင့်တိုင်းဟာ သူ့ အဓိပ္ပာယ်နဲ့သူဖြစ်လာခဲ့ပါတယ်။

ပန်းပွင့်အချို့ရဲ့အဓိပ္ပာယ်

ပန်းပွင့်လေးတွေကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ အဝါရောင်ဇော်မွှားပန်းကို ပေးတယ်ဆို ရင်စိတ်ပျက်နေပြီဆိုတဲ့အဓိပ္ပာယ်ပါ။ ခရမ်းရောင်နှင်းပန်းကိုလက်ဆောင်ပေးတဲ့ဆိုရင်တော့ တကယ့်ကိုဝမ်းနည်းစွာခံစားရပါတယ်။ အပြစ်ကိုခွင့်လွှတ်ပေးပါတဲ့။ နှင်းဆီပန်းနီနီရဲရဲတွေကိုပေးတeယ်ဆိုရင်တော့ နက်နက်ရရှိုင်းရှိုင်းချစ်နေပါတယ်တဲ့ ခင်ဗျာ။

အချစ်နတ်သမီးရဲ့ ဒဏ္ဍာရီ

နှင်းဆီပန်းတွေရဲ့အဓိပ္ပာယ်က အချစ်နတ်သမီး အက်ဖရိုဒိုက် (Aphrodite) နဲ့ဆက်နွယ်ပြီး ဖြစ်ပေါ်လာတာပါ။ ဂရိတို့ရဲ့ဒဏ္ဍာရီထဲမှာတော့ နှင်းဆီပန်းတွေဟာ အက်ဖရိုဒိုက်ရဲ့မျက်ရည်နဲ့ သူမချစ်သူ အက်ဒိုနစ် (Adonis) တို့ရဲ့သွေးတို့ပေါင်းစပ်ရာကနေ ပေါက်ဖွားလာတယ်လို့ဆိုပါတယ်။ ရောမတွေရဲ့ ကိုးကွယ်ယုံကြည်မှုမှာတော့ အက်ဖရိုဒိုက်ရဲ့အမည်က ဗီးနပ် (Venus) ဆိုပြီးတော့ ပြောင်းသွားပါတယ်။ အချစ်၊အလှတရားနဲ့ နှင်းဆီပန်းပေါက်ဖွားလာတဲ့ ဇာတ်လမ်းကတော့ အတူတူပါပဲ။ အဲ့ဒီတော့ နှင်းဆီပန်းနီနီရဲရဲကြီးဆိုတာက ချစ်တုံးကြီး၊ အသားကုန်ချစ်၊ အသေချစ် ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

You May Also Like: “သမီးရည်းစားတွေအတွက် ရန်ဖြစ်ခြင်းရဲ့ကောင်းကျိုးများ”

ငွေသုံးကြမ်းတဲ့ USA

နှင်းဆီပန်းတွေအများဆုံးပေးကြတဲ့အချိန်ကတော့ အားလုံးသိတဲ့အတိုင်း ဗယ်လင်တိုင်းနေ့ပါ။၂၀၁၆ တစ်နှစ်ထဲမှာ ပန်းလက်ဆောင်ပေးဖို့တစ်ခုတည်းအတွက်နဲ့ ဒေါ်လာ ၁.၉ ဘီလီယံလောက်အသုံးပြုကြတယ်လို့ အမေရိကန်အမျိုးသားလက်လီအဖွဲ့ချုပ် (National Retail Federation) ကဆိုပါတယ်။ဗယ်လင်တိုင်းနေ့တစ်နေ့တည်းမှာတင် လက်ဆောင်ပေးကြတဲ့ နှင်းဆီပွင့်အရေအတွက်က ၁၉၈ မီလီယံလောက် ရှိပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တိကျတဲ့စာရင်းတွေမရှိသေးပေမယ့် ဗယ်လင်တိုင်းနေ့မှာတော့ နှင်းဆီပန်းတွေပေးတာအများဆုံးပါပဲ မဟုတ်လား။

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: Reader Digest