လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းကပေါ့၊ ပါရီမြို့ဆင်ခြေဖုံးမှာရှိတဲ့ Bondy ဒေသက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ကောင်လေးတစ်ယောက် ဘောလုံးလေ့ကျင့်ပြီး သူ့ရဲ့အိမ်ကို ပြန်လာခဲ့တယ်။ အဲဒီကောင်လေးရဲ့ အိပ်ခန်း နံရံပေါ်မှာ သူအရမ်းအားကျလေးစားရတဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ပုံတွေက အနှံ့အပြားနေရာယူထားတယ်။

Mbappe-Childhood

Mbappe-Childhood

တစ်ချိန်ချိန်ကြရင် သူ့ရဲ့ Idol စီရော်နယ်လ်ဒိုလိုမျိုး ကမ္ဘာကျော် ဘောလုံးသမားဖြစ်ဖို့ဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ပေါ့။ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦးရဲ့ အိပ်မက်က အရမ်းများ ကြီးကျယ်ခမ်းနားနေမလား။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဒီကောင်လေးက ပြင်သစ်အသင်းရဲ့ အနာဂတ်၊ ဘောလုံးလောကရဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေထဲမှာတစ်ဦးအပါအ၀င်အဖြစ် ရပ်တည်နိုင်ခဲ့ပြီ။ သူကတော့ ပြင်အသင်းနဲ့ PSG အသင်းရဲ့ လူငယ်ကြယ်ပွင့် ဘာပေ Mbappe ပါပဲ။

Mbappe-room

Mbappe-room

လူတိုင်းလူတိုင်းဟာ ကိုယ်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်နဲ့ ဘ၀တွေကို တည်ဆောက်နေရတာပါ။ အိပ်မက်တွေ၊ ရည်ရွယ်ချက်တွေဆိုတာကလည်း လွယ်လွယ်နဲ့ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေ၊ ကြီးမားတဲ့ အတားအဆီးတွေ များစွာကို ကျော်ဖြတ်ပြီးမှ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ပြင်သစ်အသင်းရဲ့ ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ဘာပေ Mbappe ဟာလည်း အောင်မြင်မှုပန်းတိုင်ဆီ လွယ်လွယ်ကူကူ လျှောက်လှမ်းခဲ့ရတာ မဟုတ်ပါဘူး။

Kids-From-Bondy-Playing-Football

Kids-From-Bondy-Playing-Football

သူနေထိုင်တဲ့ Bondy ဒေသက အခြေခံလူတန်းစားတွေ၊ လူမည်းအများစုနေထိုင်ရာအရပ်ဖြစ်ပြီး အကြမ်းဖက်လုယက်တာတွေ၊ ရန်ပွဲတွေက နေ့စဉ်လိုလိုဖြစ်ပွားနေတာပါ။ အဲဒီလိုအရပ်ကနေ ဘောလုံးလောကရဲ့ ကြယ်ပွင့်ဖြစ်ဖို့ ဘာပေ ကြိုးစားလျှောက်လှမ်းခဲ့ရတဲ့ ခရီးက ဘယ်လောက်အထိ ကြမ်းတမ်းမလဲဆိုတာ ပြောစရာတောင် မလိုပါဘူး။ သူ့လိုပဲ ကြမ်းတမ်းတဲ့ဒေသကနေ လက်ရှိ ပြင်သစ်လက်ရွေးစင်ဖြစ်လာတဲ့ ကစားသမား (၈)ဦးရှိပြီး အဲဒီထဲမှာ ပေါ့ဘာ Pogba ၊ မာတွီဒီ Matuidi တို့လည်း ပါဝင်နေတယ်။ အခုအချိန်မှာ Bondy ဒေသက ကလေးငယ်တွေဟာ ဒုတိယ ဘာပေ၊ ဒုတိယ ပေါ့ဘာတို့ဖြစ်လာဖို့ အိပ်မက်တွေကိုယ်စီဖြစ်နေကြပါပြီ။ ငယ်စဉ်ဘ၀မှာ AS Bondy အသင်းနဲ့ ဘောလုံးသမားဘ၀ စတင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးနည်းပြဖြစ်တဲ့ Antonio Riccardi က “ဘာပေဟာ ကျွန်တော် နည်းပြခဲ့တဲ့ ကလေးတွေထဲမှာ အတော်ဆုံးပဲဗျ။ သူက တခြားကလေးတွေနဲ့ မတူဘဲ ထူးခြားချက်တွေရှိတယ်။ သူ့ရဲ့ Dribbling Skill က ထူးခြားကောင်းမွန်ပြီး တခြားကလေးတွေထက်လည်း ပိုမြန်သူဖြစ်ပါတယ်”လို့ ချီးကျူးခဲ့တယ်။

Mbappe-Monaco

Mbappe-Monaco

ဘာပေရဲ့အရည်အသွေးကို ဥရောပထိပ်သီးအသင်းတွေရဲ့ ဘောလုံးကင်းထောက်တွေက သတိပြုမိခဲ့ပြီး အသက်(၁၂)နှစ်အရွယ်မှာပဲ ချယ်လ်ဆီး၊ ရီးယဲလ်လူငယ်အသင်းတွေမှာ အစမ်းလေ့ကျင့်ခန်းဆင်းခွင့်ရခဲ့တယ်။ အသက်(၁၆)နှစ်အရွယ်မှာ ပြင်သစ်ထိပ်သီး မိုနာကိုအသင်းက ခေါ်ယူခဲ့ပြီး ဒါဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀စာမျက်နှာကို စတင်ဖွင့်လှစ်ခဲ့တာပါ။ ပထမဆုံးရာသီမှာပဲ မိုနာကိုအသင်းအတွက် ဂိုးသွင်းခဲ့ပြီး ဂန္ထ၀င်ကစားသမား အွန်နရီ Henry ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူ စံချိန်ကို ချိုးဖြတ်ခဲ့တယ်။ “တောက်မယ့်မီးခဲ တရဲရဲ”ဆိုတဲ့ စကားပုံအတိုင်းပဲ ဘာပေရဲ့ ခြေစွမ်းက တစ်နေ့ထက်တစ်နေ့ ပိုမို တိုးတက်လာခဲ့တာကြောင့် သိပ်မကြာခင်မှာ ပြင်သစ်အသင်းအတွက် ရွေးချယ်ခံခဲ့ရသလို ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက တခြားထိပ်သီးအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူခဲ့တယ်။

Mbappe1

Mbappe1

PSG က သူ့အတွက် ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေးက အမေရိကန်ဒေါ်လာ (၂၁၇)သန်းရှိခဲ့တာကြောင့် အသင်းဖော် နေမာ Neymar ရဲ့နောက် ဒုတိယမြောက် ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ ဘာပေအတွက် သူ အားကျတဲ့ စီရော်နယ်လ်ဒိုလို ကမ္ဘာကျော်ကစားသမားဖြစ်ဖို့ အိပ်မက်က လက်တစ်ကမ်းအကွာမှာရှိနေပါပြီ။ မြင့်မားတဲ့ဝင်ငွေတွေ ရနေပေမယ့်လည်း ဘာပေက ဘ၀မေ့တတ်သူတစ်ဦး မဟုတ်ပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ သူ ရရှိခဲ့တဲ့ဆုကြေး တွေကို မသန်စွမ်းကလေးငယ်တွေ စောင့်ရှောက်ရေးအဖွဲ့ဖြစ်တဲ့ Premiers de Cordees အဖွဲ့ဆီ လှူဒါန်းခဲ့တယ်။

Mbappe-lifestyle

Mbappe-lifestyle

“ကျွန်တော့်ရဲ့ လက်ရှိအနေအထားက အသက်နဲ့မလိုက်အောင်ဖြစ်နေပေမယ့် တကယ့်အစစ်အမှန်ဘ၀မှတော့ ကျွန်တော်က ကလေးပဲရှိပါသေးတယ်။ ဘောလုံးသမားဆိုတာ ဖာရာရီကားစီးနိုင်မှ ဖြစ်တာမဟုတ်ပါဘူး။ အခု ကျွန်တော့်မှာ ကားမရှိဘူး၊ ဒါပေမဲ့ အဲဒါက အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး”လို့ ဆိုခဲ့တယ်။ အောက်ခြေဘ၀မှာရှိနေပေမယ့် ကိုယ့်ရဲ့ အိပ်မက်တွေဆီ အရောက်သွားနိုင်ခဲ့သူ၊ အမြင့်ကို ရောက်ပေမယ့် အောက်ခြေမလွတ်တတ်သူ၊ ခမ်းနားထည်ဝါတဲ့အဆောင်အယောင်တွေမရှိဘဲ ရိုးရှင်းစွာ ဘ၀ကို ဖြတ်သန်းနိုင်သူ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ဘာပေရဲ့ ဘ၀ဖြတ်သန်းမှုက တကယ့်ကို လေးစားအားကျစရာပါပဲ။

REF:cnbc.com
Photo:Sport dans la Ville,Mirror,AS,FIFA,Getty Images
Naing Linn(Akhayar)
www.akhayar.com