ဒီရာသီသစ်အစမှာ ခြေစွမ်းကောင်းတွေပြနေတဲ့ မန်ယူ တိုက်စစ်ကစားသမား မာစီယဲလ် Anthony Martial ဟာ အခုတစ်ပတ်ကစားမယ့် ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်မယ်ဆိုရင် မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ဖို့ ရှိနေပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက လီဗာပူးလ်နဲ့ပရီးမီးယားလိဂ်ပွဲမှာ မန်ယူအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ပြီး ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့စွမ်းဆောင်ရည်က ကျဆင်းလာခဲ့ပါတယ်။ မန်ယူကစားသမားဘ၀ (၄)နှစ်ကျော်ကာလအတွင်း မာစီယဲလ်ဟာ ဘယ်ခြမ်းတိုက်စစ်မှာ အများစုကစားခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ် Marcus Rashford ၊ ဆန်းချက်ဇ် Alexis Sanchez တို့နဲ့အတူ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ခဲ့ရတာကြောင့် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ ဆိုးလ်ရှား Ole Gunnar Solskjær က မာစီယဲလ်ကို အထောင်တိုက်စစ်နေရာမှာ ပြောင်းလဲကစားစေခဲ့ပြီး မာစီယဲလ်ဟာ ပုံစံကောင်းပြသနိုင်ခဲ့သလို ရာသီအဖွင့်(၂)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တယ်။ ချယ်လ်ဆီးကို (၄)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ မာစီယဲလ်က ဒုတိယဂိုးသွင်းယူခဲ့သလို ၀ုလ်ဗ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မာစီယဲလ်ဟာ မိုနာကိုမှာ ကစားတုန်းက တိုက်စစ်မှူးအဖြစ်ကစားခဲ့ရပြီး အခုအချိန်မှာတော့ လူမှန်နေရာမှန်ကို ပြန်ရောက်ပြီလို့လည်း ပြောရမှာပါ။ မန်ယူအသင်းဟာ လာမယ့်စနေနေ့ကျရင် ပဲလေ့စ်အသင်းနဲ့ အိမ်ကွင်းယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တကယ်လို့ မာစီယဲလ် ဂိုးသွင်းနိုင်ဦးမယ်ဆိုရင် မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ဦးမှာဖြစ်ပါတယ်။ အဲဒါကတော့ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်(၃)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ စတုတ္ထမြောက် ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းပါပဲ။ အရင်က ပရီးမီးယားလိဂ်ရာသီအဖွင့် (၃)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ မန်ယူကစားသမားတွေက ဒွိုက်ယော့ခ် Dwight Yorke ၊ နစ္စတယ်ရွိုင်း Ruud van Nistelrooy ၊ ရွန်နီ Wayne Rooney တို့ပဲရှိပြီး အခု မာစီယဲလ်က ဒီစာရင်းထဲမှာ ပါဝင်နိုင်ဖို့ အခြေအနေကောင်းနေပါပြီ။ အဲဒါကြောင့် မာစီယဲလ်အနေနဲ့ ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းပြီး ဒီမှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်မလားဆိုတာ စောင့်ကြည့်လိုက်ရအောင် . .

REF:manchestereveningnews
Photo:Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com