၂၀၁၆ခုနစ် အောက်တိုဘာလ ၂၀ ရက်နေ့က သူ့ရဲ့ချစ်သူကောင်မလေး သန့်စင်မွန်နဲ့ အိမ်ထောင်ပြုလိုက်တဲ့ ဝေလျှံက လူပျိုဘဝနဲ့အိမ်ထောင်ရှင်ဘဝကြား ပြောင်းလဲသွားတဲ့ ခံယူချက်တွေ၊ အမူအကျင့်တွေနဲ့ပျော်ရွှင်မှုတွေ အကြောင်းကို ပြောပြပေးထားပါတယ်။

ပြောင်းလဲသွားတဲ့အမူအကျင့်တွေ

Single ကနေ Married ဘဝကိုပြောင်းတဲ့အချိန်မှာတော့ လူမှုဆက်ဆံရေးတွေပြောင်းသွားတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သွားတော့ အရာရာကိစ္စတိုင်းကို အရင်လိုကလေးဆန်ဆန် လူငယ်ဆန်ဆန် ဆုံးဖြတ်လို့မရဘူး။ စိတ်လိုက်မာန်ပါမလုပ်ဘဲနဲ့ အရာရာတိုင်းကို သတိရှိရှိနဲ့ဆုံးဖြတ်တတ်လာပါတယ်။

နောက်ပြီး ဝင်ငွေထွက်ငွေကစ ချင့်ချိန်ပြီးတော့ သုံးစွဲတတ်လာတယ်။ အရင်က မိဘရှိတယ်ဆိုပြီး သုံးဖြုန်းတာမျိုးရှိခဲ့ပေမယ့် အိမ်ထောင်ကျပြီးတော့အရာရာတိုင်းကို စည်းနဲ့စနစ်နဲ့သုံးတတ်လာတယ်။

အိမ်ထောင်သည်ဘဝပျော်ရွှင်မှု

ကျွန်တော့်အတွက် အိမ်ထောင်ကျပြီးချိန်မှာပိုပြီး ပျော်ရွှင်ရပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့လည်းပေါင်းဖက်ရတယ်။ နှစ်ယောက်လုံးက စိတ်တူကိုယ်တူရှိတော့ ရည်စားဘဝကထက်တောင် ပိုပြီးပျော်ရွှင်ရပါသေးတယ်။

ရည်းစားဘဝတုန်းကဆိုရင် ကိုယ်သွားတာကို သူစိတ်မချပေမယ့် သူလိုက်လို့မရတာမျိုးရှိတယ်။ သူ့ကိုကိုယ်စိတ်မချပေမယ့်ကိုယ်လိုက်လို့မရဘူး။ အခုဆိုရင် ကိုယ့်အလုပ်လည်းသူကူညီ သူ့အလုပ်လည်းကိုယ်ကူညီနဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီသဘောရှိလာတယ်။ အရာရာတိုင်းပိုပြီး အဆင်ပြေလာတယ်။ ပိုပြီးပျော်ရွှင်လာပါတယ်။

ကျွန်တော်က အရင်တည်းက Facebook မှာလည်း ကိုယ့်အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပြောထားပြီးသားပါ။ ပရိသတ်ကလည်းလက်ခံပါတယ်။ အိမ်ထောင်ပြုတော့လည်း ဒီတစ်ယောက်ကိုပဲ ယူခဲ့တာဆိုတော့ ပရိသတ်အားပေးမှုလျော့သွားတာမျိုးတွေမရှိပါဘူး။ အဲဒါကြောင့်လည်း ပရိသတ်အတွက် နှစ်ဆပိုကြိုးစားမှာပါ။

ခိုင်မြဲတဲ့အိမ်ထောင်ရေးအတွက် အရေးအကြီးဆုံးအရာ

ကျွန်တော့်အတွက်ကတော့ အိမ်ထောင်ပြုလိုက်လို့ အနုတ်သဘောဆောင်သွားတယ်ဆိုတာ သိပ်မရှိပါဘူး။ အပေါင်းသဘောဆောင်တာတွေပဲရှိပါတယ်။ ဒါကြောင့် ဒီအိမ်ထောင်ရေးကို ပျော်ပါတယ်။ ကျေနပ်ပါတယ်။

အဓိကက Relationship တစ်ခုမှာ နားလည်မှုရှိဖို့အရေးကြီးပါတယ်။ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အများကြီးနားလည်ပေးပါတယ်။ သူနဲ့အတူတူ ညဘက်လျှောက်သွားလျှောက်စားတာမျိုးလည်း ရှိတယ်။ ယောက်ျားသူငယ်ချင်းတွေနဲ့အတူတူ သွားလာတာမျိုးဆိုရင်လည်း သူကနားလည်ပေးပြီး ခွင့်ပြုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ နေထိုင်ကြတဲ့အတွက် စိတ်ချမ်းသာပျော်ရွှင်ရတာပါ။

www.akhayar.com