ရန်ကုန်၊ မေ ၂၆ ရက်။

အခြေအနေအကြောင်းကြောင်းကြောင့် မန္တလေးမြို့မှာပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကိုယ်တိုင်ဖျက်သိမ်းခဲ့ရတဲ့ နိုင်ငံကျော်တေးသံရှင် မာရဇ္ဇတစ်ယောက်ဟာ လာမယ့်ပွင့်လင်းရာသီမှာ မကျေပွဲနွှဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ မာရဇ္ဇက “ကျွန်တော် လာမယ့်ပွင့်လင်းရာသီမှာ ပြန်လုပ်ဖို့စီစဉ်ထားတယ်။ ပြီးခဲ့တဲ့ပွဲက အကြောင်းအမျိုးမျိုးကြောင့် ပျက် သွားတဲ့အတွက် မန္တလေးပွဲကိုတော့ မကျေပွဲပြန်လုပ်ရမှာပေါ့။ သီတင်းကျွတ်ပြီးနောက်ပိုင်း ဆယ်​လပိုင်း၊ ဆယ့်တစ်လပိုင်းလောက်ဖြစ်မယ်။ ကျွန်တော်အခု အချိန်ယူပြီးသေချာစီစဉ်နေပါတယ်။ ပရိသတ်​တွေကို အရမ်း လည်းအားနာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးမှာ တအားဆိုချင်တယ်။ အဲဒါကြောင့် ကျွန်တော် ဒီနှစ် ထဲမှာပဲရအောင်လုပ်မှာပါ”လို့ ပြောပါတယ်။

မာရဇ္ဇတစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်မယ့် မတ်လတုန်းက NLD ရန်ပုံငွေပွဲနဲ့ တိုက်ဆိုင်သွားတာ၊ ကြော်ငြာ ပိုင်းအားနည်းသွားတာ စတဲ့လိုအပ်ချက်တွေကြောင့် ပွဲဖျက်ခဲ့တာဖြစ်ပါတယ်။

ဆက်ပြီးတော့သူက “မန္တလေးပွဲက ကျွန်တော့်အတွက် ပထမဆုံးပွဲကြီးလေ၊ ကျွန်တော်ဦးကျိုးမခံနိုင်ဘူး၊ အဲ့ဒါကြောင့် လိုအပ်ချက်တွေအများကြီးရှိနေတဲ့ဒီပွဲကို မဆိုတာကောင်းလိမ့်မယ်ဆိုတဲ့စိတ်နဲ့ ဖျက်လိုက်တာပါ”လို့ မာရဇ္ဇက သူ့ရဲ့မန္တလေးဖျော်ဖြေပွဲပျက်ခဲ့ရတဲ့အကြောင်းကိုပြောပါတယ်။

လတ်တလောမှာတော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် သီချင်းတွေရွေးနေသလို၊ အစစအရာရာ ပြည့်စုံ ကောင်းမွန်ဖို့အတွက်လည်း အတတ်နိုင်ဆုံးကြိုးစားနေတယ်လို့ မာရဇ္ဇကပြောပါတယ်။

အဆိုတော်မာရဇ္ဇဟာ တစ်ကိုယ်တော်ခွေ(၁၇)ခွေနဲ့ အတွဲခွေတွေ အများအပြားထွက်ထားတဲ့သူလည်း ဖြစ်ပါတယ်။

 

စံပယ်ဖြူ