မန်ယူအသင်း အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် Marcus Rashford ဟာ အသက်(၂၂)နှစ် မပြည့်ခင်မှာပဲ ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo အသက်(၂၂)နှစ်အရွယ်မှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့ပါပြီ။ လာမယ့်အောက်တိုဘာ (၃၁)ရက်မှ အသက်(၂၂)နှစ်ပြည့်မယ့် ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် ပွဲထွက်ခွင့် ရတဲ့အချိန်ကစလို့ ခြေစွမ်းပြကစားနေသူဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ကစားသမားဘ၀ ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်က (၄၇)ဂိုးအထိရှိနေပြီး ဒီသွင်းဂိုးအရေအတွက်က စီရော်နယ်လ်ဒို အသက်(၂၂)နှစ်တုန်းက ကလပ်အသင်းအတွက် သွင်းယူခဲ့တဲ့ ဂိုးနဲ့ တူညီခဲ့တာဖြစ်ပါတယ်။

အခု ရပ်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်က လက်ရွေးစင်အသင်းဖော် စတာလင် Raheem Sterling ထက် သာလွန်နေပြီး၊ သူနဲ့ တိုက်စစ်အတွဲအဖက်ဖြစ်တဲ့ မာစီယဲလ် Anthony Martial ကို မီဖို့ (၁)ဂိုးပဲလိုပါတော့တယ်။ မာစီယဲလ်ဟာ အသက်(၂၂)နှစ်အရွယ်မှာ ကလပ်အသင်းသွင်းဂိုး (၄၈)ဂိုးသွင်းယူနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်ဟာ မာစီယဲလ်ကို ကျော်ဖြတ်နိုင်မယ့်အခွင့်အလမ်းလည်း ရှိနေပါပြီ။ ဒါ့အပြင် နိုင်ငံလက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ ဟယ်ရီကိန်း Harry Kane အသက်(၂၂)နှစ်အရွယ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက် (၅၂)ဂိုးကို လိုက်မီဖို့ သိပ်မလိုတော့ပါဘူး။ ဒါပေမယ့် ဟယ်ရီကိန်းဟာ ဆယ်ကျော်သက်ဘ၀တုန်းက အင်္ဂလန်အောက်တန်းတွေမှာ ကစားခဲ့ရလို့ သူ့ရဲ့ကလပ်အသင်း သွင်းဂိုးအရေအတွက်က အခုလောက်အထိ များနေတာဖြစ်ပါတယ်။

အသက်(၂၂)နှစ်မှာ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာတော့ ရပ်ရှ်ဖို့ဒ်က အဆင့်(၆)နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးမှာတော့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ မန်ယူတိုက်စစ်မှူးဟောင်း လူကာကူ Romelu Lukaku က (၉၃)ဂိုးနဲ့ ရပ်တည်နေပါတယ်။ လူကာကူရဲ့ သွင်းဂိုးမှတ်တမ်းက ဘာစီလိုနာ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi ထက်တောင် ပိုကောင်းနေပြီး အသက်(၂၂)နှစ်အရွယ်မှာ မက်ဆီ သွင်းယူခဲ့တဲ့ ကလပ်သွင်းဂိုးအရေအတွက်က ဂိုး(၈၀)ပဲရှိခဲ့တာပါ။

Club goals scored before turning 22
Romelu Lukaku – 93
Wayne Rooney – 81
Lionel Messi – 80
Harry Kane – 52
Anthony Martial – 48
Marcus Rashford – 47
Cristiano Ronaldo – 47
Raheem Sterling – 39

REF:The Sun
Photo:Marcus Rashford Facebook, Getty Images
Naing Linn(Akhayar)
www.akhayar.com