ခဝဲခြံဖက်ရောက်တိုင်း လှမ်းလှမ်းကြည့်မိတဲ့ဆိုင်လေး။ တစ်ဆိုင်လုံးကို Cheese တုံးကြီးတစ်တုံးလိုမြင်နေရလို့ ကြည့်နေရင်းကို သဘောကျမိတဲ့ဆိုင်လေး။ နာမည်က Manna Food Castle တဲ့။ ဆိုင်အပြင်အဆင်က မိုက်နေလို့ ဈေးကြီးမယ့်ဆိုင်လို့ထင်ရပေမယ့် အထင်နဲ့အမြင် တပ်တပ်စင်အောင်ကို လွဲခဲ့တဲ့ဆိုင်လေးပါ။

ဆိုင်လေးထဲဝင်ဝင်ချင်းမှာ စပြီးသဘောကျမိတာက ကျယ်ဝန်းတဲ့ဆိုင်ခန်းလေး၊ အပိုအလိုမရှိတဲ့ Decoration ကို သပ်သပ်ရပ်ရပ်လေး အလှဆင်ထားတာ။ ဆိုင်လေးက တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ စာလာကျက်ကြတဲ့ကျောင်းသားလေးတွေလည်း တွေ့ခဲ့ရတယ်။ ဒီဆိုင်လေးက ကျောင်းသူကျောင်းသားတွေ စာကျက်လို့ကောင်းမယ့်ဆိုင်လေးမျိုးလို့ ထင်မိတယ်။ သူငယ်ချင်းတွေနဲ့လည်းအေးအေးဆေးဆေးလေး လာထိုင်လို့ကောင်းမယ့် ဆိုင်မျိုးလေးပါ။

စားစရာတွေကလည်း ဘာတွေရနိုင်မလဲဆိုပြီး ကိုယ်စပ်စုခဲ့တာလေးတွေကြည့်ရအောင်။ ဒီဆိုင်လေးမှာ Fast Food ကိုစုံနေအောင်ရတယ်။ Fried Chicken ၊ Burger ၊ Pizza ၊ Meat Ball ၊ French Fried အစရှိတဲ့ င်္Fast Food တော်တော်များများကိုတွေ့ခဲ့ရတယ်။ Drinks တွေလည်း အမျိုးကိုစုံလို့။ အရသာအနေနဲ့ကတော့ စားလို့အဆင်ပြေပါတယ်။ ထူးခြားနေတာမျိုးမဟုတ်ပေမဲ့ စားကောင်းတဲ့ဆိုင်မျိုးထဲမှာပါတယ်။ ကိုယ်စားခဲ့တဲ့ Fried Chicken ကတော့ အကြိုက်ဆုံးပဲ။ မုန့်သားပါးပါးလေးနဲ့ကြော်ထားလို့ ငယ်ငယ်ကစားဖူးတဲ့ ကြက်ကြော်မျိုးကိုပြန်အမှတ်ရမိစေတယ်။

နောက်တစ်ခုက Chicken Potato Balls အာလူးကတ်သလိတ်ကြော်ကိုမှ အထဲမှာ ကြက်သားဟင်းလေး ဌာပနာထားတာမျိုး။ အာလူးကတ်သလိတ်ရဲ့ ဆိမ့်ဆိမ့်ငံငံဓာတ်လေးကိုမှ ကြက်သားဟင်းလေးနဲ့တွဲစားလိုက်ရတဲ့ Feel ။ စားလို့ကောင်းနေတာပါပဲနော်။

ဒီဆိုင်မှာ Drinks လေးတွေလည်းကောင်းတယ်။ ကော်ဖီအသောက်များတဲ့ကိုယ့်အဖို့ ထူးထူးဆန်းဆန်းလေးလည်းဖြစ်အောင်နဲ့ ဆိုင်ရဲ့ Signature Drinks လေးသောက်ကြည့်ချင်လို့ Manna Mojito လေးမှာကြည့်လိုက်တယ်။ ချဉ်ချဉ်စူးစူးလေးနဲ့ သောက်လို့ကောင်းလွန်းတယ်။ Mints အနံ့ကမွှေးပြီး Soda ရဲ့စူးရှမှုက Mojito ရဲ့အသက်ပဲ။

အခုပြောပြထားတဲ့ သုံးမျိုးလုံးပေါင်းတာတောင် ၅,၀၀၀ တောင်မပြည့်တော့ လမကုန်သေးလို့ အိမ်တွင်းအောင်းနေရတဲ့ Foodie လေးတွေအတွက် အကြိုက်တွေ့ စေမှာပါဗျို့။ ဒီဆိုင်က Menu လေးတွေတော်တော်များများ ၁,၅၀၀ ဝန်းကျင်ထဲမို့ ကျောင်းသူကျောင်းသားတွေလည်း လာစားနိုင်မယ့်ဆိုင်လေးပါပဲနော်။

ဆိုင်လေးက ဝန်ထမ်းလေးတွေက ဝန်ဆောင်မှုအရမ်းကောင်းလို့ စိတ်ချမ်းသာရတယ်။ မုန့်စားလိုက် ၊ Mojito သောက်လိုက် ၊ Game ဆော့လိုက်နဲ့ တကယ်ကို ထိုင်လို့ကောင်းတဲ့ဆိုင်ပါ။ ဒီဆိုင်မှာ ကိုယ်အားမရတာတွေလည်း နည်းနည်းပြောချင်တယ်။ ဖုန်းအားကုန်တဲ့အချိန်မျိုးတွေမှာ အားသွင်းဖို့ပလက်ခုံတွေ မရှိတာရယ်။ Sauce လေးကနည်းပြီး ကုန်သွားလို့ ခဏခဏပြန်တောင်းနေရတဲ့ ဒုက္ခရယ်။ တကယ်လို့သာ Sauce ဗူးလေးတွေချထားပေးမယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။ ဒီနှစ်ခုသာပိုအဆင်ပြေရင် ဒီဆိုင်က လူကြီးလူငယ်မရွေးထိုင်လို့ကောင်းမယ့် နေရာတစ်ခုဖြစ်လာမှာ မလွဲပါဘူး။

Manna Food Castle လေးကို ကိုယ်ရောက်ခဲ့တုန်းက အတွေ့အကြုံလေးကိုပြောပြပြီးပြီဆိုတော့ အခု Foodie တို့အလှည့်ပါနော်။ မသွားဖူးသေးတဲ့သူတွေလည်း သွားရောက်မြည်းစမ်းကြည့်ပြီး သွားဖူးတဲ့သူတွေကလည်း Comment Box မှာ အတွေ့အကြုံလေးတွေ ပြောပြသွားကြဦး။ ကိုယ်စားခဲ့သမျှ အကုန်ဝေမျှပေးမှာမို့ အားပေးဖို့လည်းမမေ့ကြပါနဲ့ဦးနော်။

King Pin ( Akhayar )

www.akhayar.com