ပြီးခဲ့တဲ့စနေနေ့က ပဲလေ့စ်ကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား Ole Gunnar Solskjaer ရဲ့ မန်ယူနည်းပြဘ၀ ပြိုင်ပွဲစုံ(၃၂)ပွဲပြည့်မြောက်တဲ့ပွဲဖြစ်ပြီး ဆိုးလ်ရှားကတော့ ကံမကောင်းခဲ့ပါဘူး။ ဒီနေရာမှာ တစ်ခုစိတ်ဝင်စားစရာကောင်းတာက မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန် Alex Ferguson လက်ထက်ကစပြီး အခု ဆိုးလ်ရှားအထိ မန်ယူနည်းပြတွေရဲ့ ပြိုင်ပွဲစုံ(၃၂)ပွဲအပြီး ရလဒ်တွေက ဘယ်လိုများထွက်ပေါ်ခဲ့လဲဆိုတာပါ။ ဒါကြောင့် ဖာဂူဆန်ကနေ အခု ဆိုးလ်ရှားလက်ထက်အထိ မန်ယူနည်းပြတွေရဲ့ ပြိုင်ပွဲစုံ (၃၂)ပွဲအပြီး ရလဒ်တွေကို တစ်ချက်လောက် ပြန်ကြည့်လိုက်ရအောင် . .

Sir Alex Ferguson (November 1986-May 2013)

ဖာဂူဆန်ဟာ မန်ယူအသင်းမှာသာမက ဘောလုံးလောကရဲ့ ဂန္ထ၀င်နည်းပြတစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ မန်ယူနည်းပြဘ၀အစက ပန်းခင်းတဲ့လမ်းတော့ မဟုတ်ပါဘူး။ တကယ်လို့ ဖာဂူဆန်သာ မန်ယူနည်းပြဘ၀အစပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းဒဏ်တွေကို ကြံ့ကြံ့ခံ မရင်ဆိုင်ခဲ့ရင် အခြေအနေတွေက တစ်မျိုးပြောင်းလဲသွားနိုင်ပါတယ်။ ၁၉၉၀၊ ဇန်န၀ါရီလမှာ ကစားခဲ့တဲ့ FA ဖလားတတိယအဆင့်ပွဲမှာသာ Mark Robins ရဲ့ သွင်းဂိုးနဲ့ မန်ယူ အနိုင်မရခဲ့ရင် ဖာဂူဆန်ဆိုတာ မန်ယူဂန္ထ၀င်ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက မန်ယူပရိသတ်တွေဟာ ဖာဂူဆန်ကို နည်းပြရာထူးက ထုတ်ပယ်ဖို့ အသင်းကို ဖိအားပေးတောင်းဆိုနေချိန်ဖြစ်နေလို့ပါပဲ။ အဲဒီပွဲနောက်ပိုင်းမှာတော့ ဖာဂူဆန်ရဲ့ ရွှေရောင်နေ့ရက်တွေကို စတင်ခဲ့တာဖြစ်ပြီး ဖာဂူဆန်ရဲ့ မန်ယူအသင်းက ရပ်တန့်လို့ မရတဲ့အသင်းဖြစ်လာခဲ့ပါတော့တယ်။ မန်ယူနည်းပြဘ၀ ပြိုင်ပွဲစုံ (၃၂)ပွဲပြည့်ချိန်မှာ ဖာဂူဆန်က (၁၂)ပွဲနိုင်၊ (၁၁)ပွဲသရေ၊ (၉)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပြီး အနိုင်ရာခိုင်နှုန်းက (၃၇.၅%)သာ ရှိခဲ့တာကြောင့် သူ့နောက်ပိုင်း နည်းပြတွေနဲ့ ယှဉ်ရင် တော်တော်လေးဆိုးရွားပေမယ့် ပရီးမီးယားလိဂ် (၁၃)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်အပါအ၀င် ဆုဖလား (၃၈)ခုအထိ ရရှိခဲ့တဲ့ မှတ်တမ်းကတော့ နောက်ထပ် ဘယ်လိုနည်းပြမျိုးမှ လိုက်မီဖို့ မဖြစ်နိုင်တော့တဲ့ မှတ်တမ်းတွေပါပဲ။

W12, D11, L9 – Win rate 37.5 per cent

David Moyes (May 2013-April 2014)

ဖာဂူဆန် အထင်တကြီးနဲ့ ဒေးဗစ်မွိုက်စ် David Moyes ဆီ မန်ယူအသင်းကို လွှဲပြောင်းပေးခဲ့ပေမယ့် ဒီ စကော့တလန်သားရဲ့ လက်ထက်မှာ မန်ယူရဲ့ ခေတ်ပျက်တစ်ခုကို စတင်သလိုဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ မွိုက်စ်ရဲ့ ပြိုင်ပွဲစုံ (၃၂)ပွဲအပြီး ရလဒ်က သိပ်တော့ မဆိုးလှဘူး။ ရာသီအစ ကွန်မြူနတီဒိုင်းမှာ ၀ီဂန်ကို အနိုင်၊ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ ဆွမ်ဆီးကို (၄-၁)ဂိုးနဲ့ အနိုင်ရပြီး အစကောင်းခဲ့ပေမယ့် အနှောင်း မသေချာခဲ့ပါဘူး။ ပြိုင်ပွဲစုံ(၃၂)ပွဲအပြီးမှာ ဒေးဗစ်မွိုက်စ်က (၁၈)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၈)ပွဲရှုံးနိမ့်ခဲ့ပြီး အနိုင်ရာခိုင်နှုန်း (၅၆.၃%)အထိ ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရလဒ်တွေ ဆိုးရွားလာတာနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ပါ လွဲချော်ခဲ့တာကြောင့် ဒေးဗစ်မွိုက်စ်ရဲ့ မန်ယူနည်းပြဘ၀က တစ်ရာသီအပြည့်တောင် မခံဘဲ အဆုံးသတ်ခဲ့ရပါတော့တယ်။

W18, D6, L8 – Win rate 56.3 per cent

Louis van Gaal (May 2014-May 2016)

၂၀၁၄ ကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းကို တတိယနေရာရအောင် စွမ်းဆောင်ခဲ့သလို နည်းပြဘ၀မှာလည်း ချန်ပီယံလိဂ်လိုဖလားမျိုး ရယူခဲ့တဲ့ ဒတ်ခ်ျဝါရင့်နည်းပြ ဗန်ဟားလ် Louis van Gaal ကို မန်ယူတာဝန်ရှိသူတွေက ယုံယုံကြည်ကြည်နဲ့ အသင်းနည်းပြထိုင်ခုံပေါ်မှာ ထိုင်စေခဲ့တယ်။ ပထမဆုံးရာသီမှာ မန်ယူအသင်း အလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပေမယ့် အဆင့်(၄)နေရာရအောင် စွမ်းဆောင်ခဲ့လို့ ဗန်ဟားလ်ကို မန်ယူပရိသတ်တွေ အပြစ်မမြင်ခဲ့ကြဘူး။ သူ့ရဲ့ ပြိုင်ပွဲစုံ (၃၂)ပွဲအပြီး ရလဒ်တွေကလည်း တခြားနည်းပြတွေလို ဆိုးဆိုးရွားရွား မဟုတ်ဘဲ (၁၇)ပွဲနိုင်၊ (၉)ပွဲသရေ၊ (၆)ပွဲရှုံးခဲ့တယ်။ ဒုတိယရာသီမှာတော့ မန်ယူအသင်းက အဆင့်(၅)သာရခဲ့တာကြောင့် FA ဖလားတစ်ခုနဲ့ ချွေးသိပ်ဖို့ ကြိုးစားခဲ့တဲ့ ဗန်ဟားလ်ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်ခဲ့ပါဘူး။ စာအုပ်တစ်ကိုင်ကိုင်နဲ့ ဘာတွေ ရေးနေမှန်းမသိဘဲ၊ အာဆင်နယ်နဲ့ပွဲတုန်းက ကွင်းဘေးစည်းမှာ လှဲချခဲ့တဲ့ဖြစ်ရပ်တွေနဲ့အတူ ဗန်ဟားလ်ရဲ့ မန်ယူနည်းပြဘ၀က အဆုံးသတ်ခဲ့ရပါတယ်။

W17, D9, L6 – Win rate 53.1 per cent

ပြိုင်ပွဲစုံ (၃၂)ပွဲအပြီး ရလဒ်အကောင်းဆုံး မန်ယူနည်းပြက ဘယ်သူများဖြစ်မလဲ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည် . .

REF:talksport
Photo:Getty Images,Talksport
Naing Linn(Akhayar)
www.akhayar.com