ဒီရာသီအစ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေတဲ့ မန်ယူအသင်းဟာ ၂၀၁၉ ခုနှစ်အတွင်း ရသင့်တဲ့ အမှတ်တွေ မရဘဲ ဆုံးရှုံးခဲ့တဲ့ အမှတ်တွေက သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးထက် ပိုများနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဖလား(၃)လုံးချန်ပီယံ မန်စီးတီးအသင်းက အခုရာသီမှာလည်း သူတို့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ စုစုပေါင်း(၅)မှတ်သာ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုရာသီအစ (၄)ပွဲမှာ ဖြစ်နိုင်ခြေရှိတဲ့ (၁၂)မှတ်ထဲက (၅)မှတ်သာရယူခဲ့တာကြောင့် (၇)မှတ်အထိ ဆုံးရှုံးခဲ့ပြီး (၂၇)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂-၉၃ ရာသီတုန်းက ရာသီအဖွင့်(၄)ပွဲကစားပြီးချိန်မှာ (၄)မှတ်သာရခဲ့ပြီး ဒါဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအစဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခှုနှစ်ထဲမှာ မန်ယူအသင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂၂)ပွဲမှာ အမှတ်ဆုံးရှုံးခဲ့တာက စုစုပေါင်း(၃၀)မှတ်အထိရှိပြီး ဖြစ်နိုင်ခြေရှိတဲ့ (၆၆)မှတ်ထဲက (၃၃)မှတ်သာ ရရှိခဲ့တာပါ။

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်(၂၂)ပွဲမှာ ပွဲ(၂၀)အထိ အနိုင်ရခဲ့ပြီး (၂)ပွဲသာ အမှတ်လျော့ခဲ့ပါတယ်။ မန်စီးတီး အမှတ်လျော့ခဲ့တဲ့ပွဲတွေကတော့ အခုနှစ်၊ ဇန်န၀ါရီလတုန်းက နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်သလို၊ ဒီရာသီအစက စပါးအသင်းနဲ့ (၂)ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တုန်းက မန်စီးတီးအသင်းဟာ မန်ယူအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်နောက်ပိုင်းကစလို့ အဓိက ပြိုင်ဘက်ဖြစ်လာပြီး အခုအချိန်မှာတော့ မန်ယူထက်တောင် အောင်မြင်မှု ပိုများတဲ့အသင်းဖြစ်နေပါပြီ။

REF:The Sun
Photo:The Sun,PA
Naing Linn(Akhayar)
www.akhayar.com