၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အဆုံးသတ်သွားပြီဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အသင်းတွေရှိသလို၊ စိတ်ပျက်စရာရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့အသင်းတွေလည်း ရှိပါတယ်။ ပရီးမီးယားလိဂ်ရာသီအပြီးမှာ Sporting Intelligence ၀က်ဘ်ဆိုက်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ Nick Harris က ကလပ်အသင်းတစ်သင်းချင်းစီရဲ့ ရမှတ်တစ်မှတ်အတွက် ငွေကြေးကုန်ကျမှုအများဆုံးကို စစ်တမ်းကောက်ခံခဲ့တာမှာတော့ မန်ယူအသင်းက အများဆုံးဖြစ်နေပြီး တန်းဆင်းခဲ့ရတဲ့ ကာဒစ်ဖ်က အနည်းဆုံးဖြစ်နေပါတယ်။ နည်းပြဆိုးလ်ရှား Ole Gunner Solskjaer စတင်ကိုင်တွယ်တုန်းက အံ့အားသင့်စရာ စွမ်းဆောင်ရည်မျိုး ပြသခဲ့တဲ့မန်ယူအသင်းဟာ ရာသီကုန်ခါနီးမှာ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရလဒ်တွေ ပိုင်ဆိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၁၂)ပွဲမှာ (၈)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

ဆိုးလ်ရှားကို အမြဲတမ်းနည်းပြမခန့်ခင် မန်ယူအသင်းဟာ (၁၉)ပွဲမှာ (၁၄)ပွဲအထိ အနိုင်ရခဲ့ပေမယ့် နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ရလဒ်တွေဆိုးရွားခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရခဲ့ပါဘူး။ မန်ယူအသင်းဟာ (၃၈)ပွဲကစား (၆၆)မှတ်သာရရှိခဲ့တာကြောင့် ကစားသမားတွေရဲ့ လစာငွေအပေါ် မူတည်ပြီး ရမှတ်တစ်မှတ်အတွက် ပျမ်းမျှကုန်ကျခဲ့တဲ့ ငွေကြေးပမာဏက ပေါင်(၉၉၀၁၀)အထိရှိခဲ့တာဖြစ်ပါတယ်။ အသင်းက စီနီယာကစားသမားတွေကို ပေးချေရတဲ့ လစာငွေပမာဏက ပေါင်(၆၅၃၄၆၅၄)အထိရှိပြီး ဒါဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ အများဆုံးလည်းဖြစ်ပါတယ်။ မန်ယူကစားသမားတွေထဲမှာ အောက်တိုဘာလကတည်းက ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဆန်းချက်ဇ် Alexis Sanchez က တစ်ပတ်ကို ပေါင်(၅)သိန်းကျော် ရနေတာက စိတ်ပျက်စရာပါပဲ။ မန်ယူအသင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့တာက ကာဒစ်ဖ်အသင်းဖြစ်ပြီး သူတို့ဟာ ရမှတ်တစ်မှတ်အတွက် ပေါင်(၂၈၁၆၁)သာ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ငွေကြေးကုန်ကျမှုနဲ့ အမှတ်ရတာ တန်တဲ့အသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဖြစ်ပြီး ရမှတ်တစ်မှတ်အတွက် ကုန်ကျတဲ့ငွေပမာဏက ပေါင်(၆၁၁၅၃)သာ ရှိခဲ့တာပါ။

REF:The Sun
Photo:The Sun,Blaya Club
Naing Linn(Akhayar)
www.akhayar.com