မန်ယူအသင်းဟာ အနာဂတ်လှုပ်ခတ်နေတဲ့ ကွင်းလယ်လူ ပေါ့ဘာ Paul Pogba ကို စာချုပ်သက်တမ်းတိုးဖို့ အသင့်ရှိနေပေမယ့် ကစားသမားက တစ်ပတ်လစာပေါင်(၅)သိန်းအထိ တောင်းဆိုသွားဖို့ရှိနေလို့ အဆင်ပြေပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ပေါ့ဘာကို လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ပစ်မှတ်ထားနေပြီး သူကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းမှာ ကစားခွင့်ရဖို့ဆိုတာက ကစားသမားတိုင်းရဲ့ အိပ်မက်လို့ ၀န်ခံပြောဆိုခဲ့တာကြောင့် လာမယ့်ရာသီကျရင် ပေါ့ဘာကို ရီးယဲလ်အသင်းမှာ မြင်တွေ့ရမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့တယ်။ အဲဒါကြောင့် မန်ယူအသင်းဟာ ပေါ့ဘာကို နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပေါ့ဘာကတော့ အသင်းရဲ့ လက်ရှိလစာအများဆုံး ကစားသမား ဆန်းချက်ဇ် Alexis Sanchez လို တစ်ပတ်လစာပေါင်(၅)သိန်းအထိ ရမှ စာချုပ်ချုပ်ဆိုမယ့်အနေအထားပါ။

ပေါ့ဘာရဲ့ လက်ရှိစာချုပ်သက်တမ်းက (၂)နှစ်ကျန်ရှိနေပေမယ့် သက်တမ်းပြည့်ရင် နောက်ထပ်(၁)နှစ် ထပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီမှုလည်း စာချုပ်ထဲမှာ ပါဝင်ပါတယ်။ မန်ယူအသင်းဟာ ပေါ့ဘာကို နောက်ထပ်(၃)နှစ် စာချုပ်သက်တမ်းဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ အသင်းမှာ ဆက်ရှိအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ပေါ့ဘာဟာ လက်ရှိတစ်ပတ်လစာ ပေါင်(၃)သိန်းရရှိနေသူဖြစ်ပြီး မန်ယူအသင်းအနေနဲ့ သူလိုချင်နေတဲ့ လစာပမာဏကို ပေးချေဖို့ရှိ၊ မရှိတော့ မသိရသေးပါဘူး။ ပေါ့ဘာရဲ့ အေးဂျင့် ရီအိုလာ Mino Raiola ဟာ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ထိန်းချုပ်ထားတာဖြစ်လို့ မန်ယူအသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားကို ဆက်ထိန်းချင်တယ်ဆိုရင် တော်တော်လေး ဆွေးနွေးရမယ့်အနေအထားပါပဲ။

REF:Daily Mail
Photo:Evening Standard,Getty Images
Naing Linn(Akhayar)
www.akhayar.com