ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် (၁)အဖြစ်ကစားခဲ့တဲ့ ချယ်လ်ဆီးကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူကစားသမားသစ် ဒန်နီယဲလ်ဂျိမ်းစ် Daniel James ဟာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့သူတွေ အများကြီးရှိပြီး တချို့ကတော့ နောက်ပိုင်းမှာ မထင်မရှားဘ၀နဲ့ အဆုံးသတ်ခဲ့ရသူတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ မန်ယူအသင်းအတွက် ဂိုးသွင်းခဲ့ကြတဲ့ ကစားသမားတွေကို ပရိသတ်တွေ ဗဟုသုတအဖြစ် သိရှိနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ် . . .

Romelu Lukaku

အခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့သွားတဲ့ လူကာကူ Romelu Lukaku ဟာ ပွဲဦးထွက်ရာသီတုန်းက ပေါင်(၇၅)သန်းတန်ခြေစွမ်းမျိုး ပြသနိုင်ခဲ့တယ်။ ၀က်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ (၂)ဂိုးသွင်းခဲ့ပြီး မန်ယူအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ (၂)ဂိုးသွင်းခဲ့တဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၉)ဂိုးအထိ သွင်းယူခဲ့တာကြောင့် မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန် Sir Bobby Charlton ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းရာသီမှာတော့ လူကာကူရဲ့ ခြေစွမ်းက မထင်မှတ်လောက်အောင် ကျဆင်းသွားတာ အားလုံးအသိပါပဲ။

Josh Harrop

မန်ယူလူငယ်ကစားသမား ဟာရော့ပ် Josh Harrop ဟာ ပရိသတ်တွေ သတိမထားမိခင်မှာပဲ ပရိသတ်တွေရဲ့ မြင်ကွင်းထဲက ပျောက်ကွယ်ခဲ့ရသူပါ။ ၂၀၁၆-၁၇ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲမှာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက် ကစားခဲ့ပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်လို့ မန်ယူအသင်းက သူ့ကို ဆက်ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် ဟာရော့ပ်က ပရက်စ်တန်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက သူ့အတွက် နစ်နာလွန်းခဲ့ပါတယ်။

Zlatan Ibrahimović

‘နတ်ဘုရားကြီး’လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ အီဘရာဟီမိုဗစ် Zlatan Ibrahimović ကလည်း အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီအဖွင့် ဘုန်းမောက်နဲ့ပွဲစဉ်မှာ လှပတဲ့ အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

Marcus Rashford

လက်ရှိ မန်ယူအသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် ပါဝင်ကစားခွင့်ရနေပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် Marcus Rashford ဟာ ဆယ်ကျော်သက်အရွယ်မှာကတည်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။ ၂၀၁၅-၁၆ ရာသီ အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရခဲ့ပြီး (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁)ကြိမ်ပြုလုပ်ခဲ့သလို မန်ယူအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းခဲ့တဲ့ တတိယမြောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ole Gunnar Solskjær

မန်ယူအသင်း လက်ရှိနည်းပြ ဆိုးလ်ရှား Ole Gunnar Solskjær ဟာ ကစားသမားဘ၀မှာလည်း အောင်မြင်ကျော်ကြားခဲ့တဲ့သူဆိုတာ အထွေအထူးပြောဖို့ မလိုပါဘူး။ ‘ကလေးမျက်နှာနဲ့ လူသတ်သမား Baby-faced Assassin ‘လို့ နာမည်သတ်မှတ်ခံရတဲ့အထိ ဆိုးလ်ရှားဟာ ခြေစွမ်းထက်ခဲ့ပြီး Super Sup ဆိုတဲ့ ဝေါဟာရက သူ့ကြောင့်ပဲ ပေါ်ပေါက်လာတာလို့ ပြောရမှာပါ။ ဆိုးလ်ရှားဟာ ၁၉၉၆-၉၇ ရာသီမှာ မန်ယူအသင်းစီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့ပြီး ဘလက်ဘန်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်

Anthony Martial

ဒီရာသီမှာ ကျောနံပါတ်(၉)ပြန်လည် ၀တ်ဆင်ခွင့်ရခဲ့တဲ့ မာစီယဲလ် Anthony Martial ကလည်း မန်ယူအသင်းကို ရောက်ရောက်ခြင်း ခြေစွမ်းပြခဲ့သူပါပဲ။ ၂၀၁၅-၁၆ ရာသီ လီဗာပူးလ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယပိုင်း(၆၅)မိနစ်မှ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် တတိယဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိပွဲဦးထွက်မှာ ဂိုးသွင်းခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းယူခဲ့ကြတဲ့ မန်ယူကစားသမားများ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်

REF:dailystar
Photo:Anthony Martial Facebook,Marcus Rashford Facebook,Zlatan Ibrahimović Facebook,independent,Romelu Lukaku Facebook,foxsportsasia
Naing Linn(Akhayar)
www.akhayar.com