အင်္ဂလန်ဘောလုံးလောကမှာ အောင်မြင်မှု အများဆုံးအသင်းတစ်သင်းဖြစ် ရပ်တည်နေတဲ့ မန်ယူအသင်းဟာ ကမ္ဘာပေါ်မှာ လူကြိုက်များ ရေပန်းစားမှုအများဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတယ်လို့ စစ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာဈေးကွက်စီးပွားရေး သုတေသနကုမ္မဏီဖြစ်တဲ့ Kantar Group က ကမ္ဘာပေါ်မှာ Popular ဖြစ်တဲ့ ကလပ်အသင်းတွေကို ၂၀၁၂ ခုနှစ်ကတည်းက စစ်တမ်းပြုစုခဲ့တာမှာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအကြိုက်ဆုံး မန်ယူအသင်းဖြစ်နေပြီး ပရိသတ်(၁.၁)ဘီလီယံအထိ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Kantar Group ဟာ နိုင်ငံပေါင်း(၃၉)နိုင်ငံရဲ့ တစ်နိုင်ငံချင်းစီက ပရိသတ်(၅၄၀၀၀)ကျော်ဆီကနေ စစ်တမ်းကောက်ခံခဲ့ပြီး မန်ယူအသင်း အားပေးသူ ပရိသတ်က လွန်ခဲ့တဲ့(၇)နှစ်က (၆၅၉)သန်းသာရှိတာကနေ သန်း(၄၀၀)ကျော် မြင့်တက်ခဲ့တာကြောင့် (၁.၁)ဘီလီယံအထိရှိနေတာဖြစ်ပါတယ်။

မန်ယူအသင်းကို အားပေးတဲ့ပရိသတ်တွေက ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ အမေရိကတိုက်အပြင် အာရှမှာပါ အများကြီးရှိနေပြီး အထူးသဖြင့် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာ မန်ယူပရိသတ်စုစုပေါင်းဟာ ၂၀၁၂ ခုနှစ်တုန်းက (၁၀၈)သန်းသာရှိပေမယ့် အခုအချိန်မှာတော့ (၂၅၃)သန်းအထိ မြင့်တက်လာခဲ့ပါပြီ။ မန်ယူအသင်းဟာ ဂန္ထ၀င်နည်းပြကြီး ဖာဂူဆန် Alex Ferguson ခေတ်လွန်နောက်ပိုင်းမှာ ကွင်းတွင်းအောင်မြင်မှုနဲ့ ဝေးကွာနေပေမယ့် စီးပွားရေးဈေးကွက်ထဲမှာ ၀င်ငွေရရှိမှုက မြင့်တက်နေသလို ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးကလပ်အသင်းစာရင်းမှာလည်း ထိပ်ဆုံး(၃)သင်းစာရင်းဝင်အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

REF:manchestereveningnews
Photo:Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com