ဖာဂူဆန် Ferguson လက်ထက် မန်ယူအသင်းဟာ အားလုံးသိတဲ့ အတိုင်း အောင်မြင်မှုများစွာနဲ့ ရင်ခုန်စရာအချိန်တွေကို အမြဲလိုလိုပိုင်ဆိုင်ခဲ့ပါတယ်။ မန်ယူနည်းပြရာထူးကနေ ဖာဂူဆန် အနားယူပြီးနောက်မှာတော့ မန်ယူအသင်းရဲ့ အဆင့်ဟာ တစ်ဆင့်နိမ့်ကျခဲ့ရပြီး အောင်မြင်မှုတွေရရှိဖို့အတွက် ပုံမှန်ထက် ကြိုးစားခဲ့ရပါတယ်။ ဒီလိုမျိုး ဖာဂူဆန် ခေတ်လွန် မန်ယူအသင်းဟာလည်း ဖာဂူဆန်ခေတ်က အသင်းလောက် ရင်ခုန်စရာအချိန်တွေမများခဲ့ပေမယ့် အသင်းရဲ့ ထုံးစံအတိုင်း ရင်ခုန်စရာ အချိန်တွေကိုတော့ ဖန်တီးပေးခဲ့ပါတယ်။ ဒါကြောင့် Akhayar Sports ပရိသတ်တွေအတွက် ဖာဂူဆန် ခေတ်လွန် မန်ယူအသင်းရဲ့ ရင်ခုန်စရာ အချိန်များ အပိုင်း(၁)ကို ဖော်ပြပေးလိုက်ပါတယ်။

အီဘရာဟီမိုဗစ် ရဲ့ နောက်ကျသွင်းဂိုးနဲ့ လိဂ်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူ

၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီမှာတော့ မန်ယူအသင်းဟာ လိဂ်ဖလားချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ရပြီး တစ်ဖက်(၂)ဂိုးစီသရေ ဖြစ်နေတဲ့ အထိ ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲပြီးခါနီး ပွဲချိန်(၈၇)မိနစ်မှာတော့ အီဘရာဟီမိုဗစ် Ibrahimovic ဟာ မန်ယူအသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာကြောင့် ရင်ခုန်စရာအချိန်တစ်ခုဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းအတွက် ပွဲဦးထွက်မှာ ဂိုးသွင်းယူခဲ့တဲ့ မာစီယဲလ်

မာစီယဲလ် Martial မန်ယူအသင်းကို စရောက်တဲ့အချိန်မှာ ပရိသတ်အများစုဟာ သူ့ရဲ့ခြေစွမ်းနဲ့ ရင်းနှီးမှုမရှိတာကြောင့် မာစီယဲလ် က ဘယ်လိုကစားသမားမျိုးလဲဆိုတာ စောင့်ကြည့်ခဲ့ကြပါတယ်။ မာစီယဲလ် ရဲ့ မန်ယူကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်ကတော့ လီဗာပူးလ်အသင်းနဲ့ ပွဲဖြစ်ပြီး လူစားဝင်ကစားခဲ့တာပါ။ လူစားဝင်ပြီး သိပ်မကြာခင်မှာဘဲ လီဗာပူးလ်ခံစစ်ကစားသမားတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး ဂိုးသွင်းယူခဲ့တာကြောင့် အိုးထရက်ဖို့ဒ်ကွင်းထဲမှာ မာစီယဲလ် ဟာ ရင်ခုန်စရာအချိန်ကို ဖန်တီးပေးခဲ့ပါတယ်။

ဆိုးလ်ရှား လက်ထက်မှာ အမြင့်ပျံနေတဲ့ မန်ယူ

မန်ယူအသင်းဟာ ယာယီနည်းပြဆိုးလ်ရှား Solskjaer လက်ထက်မှာ အမြင့်ပျံနေတာ အားလုံးအသိပါပဲ။ ဆိုးလ်ရှား ဒီလောက်ထိ လုပ်ပြနိုင်မယ်လို့ ဘယ်သူမှထင်ထားကြမှာ မဟုတ်ပေမယ့် ဆိုးလ်ရှား ကတော့ အကောင်းဆုံးလုပ်ပြနေပြီး စံချိန်သစ်တွေလည်းတင်နေပါတယ်။ လက်ရှိအချိန်ထိ ဆိုးလ်ရှား ဟာ မန်ယူအသင်းကို ပွဲပေါင်း(၁၅)ပွဲတာဝန်ယူကိုင်တွယ်ထားပြီး (၁၂)ပွဲနိုင် ၊ (၂)ပွဲသရေ ၊ (၁)ပွဲရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။

ချယ်လ်ဆီးနဲ့ ပွဲတိုင်း ခြေစွမ်းပြလေ့ရှိတဲ့ ဟာရဲရား

ချယ်လ်ဆီးနဲ့ ပွဲတိုင်း ဟာရဲရား Herrera ခြေစွမ်းပြလေ့ရှိတာကတော့ မော်ရင်ဟို Mourinho လက်ထက်ကနေ စတင်ခဲ့တယ်လို့ ပြောရမှာပါ။ နောက်ဆုံးကစားထားတဲ့ ချယ်လ်ဆီးနဲ့ ပွဲမှာလည်း ဟာရဲရား ဟာ အကောင်းဆုံးခြေစွမ်းတွေ ပြသခဲ့ပြီး မန်ယူအသင်းအတွက် သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။

အန်ဖီးလ်မှာ အစွမ်းပြခဲ့တဲ့ မာတာ

မန်ယူအသင်းဟာ လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းမှာ အမြဲလိုလို ရုန်းကန်ရလေ့ရှိတာ အားလုံးအသိပါ။ အန်ဖီးလ်ကွင်းမှာ ကစားတဲ့ပွဲတွေမှာဆို မန်ယူအသင်းဟာ ပုံမှန်ထက်ပိုကောင်းတဲ့ ခြေစွမ်းမျိုးပြသနိုင်မှသာ ရလဒ်ကောင်းကို ရရှိတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ကစားခဲ့တဲ့ လီဗာပူးလ် – မန်ယူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်ခဲ့ပြီး မန်ယူအသင်းက နိုင်ပွဲရရှ်ခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းရရှိခဲ့တဲ့ သွင်းဂိုး (၂)ဂိုးလုံးကို မာတာ Mata က သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ပရိသတ်တွေ ဒီနေ့အချိန်ထိ မေ့လို့ရဦးမှာ မဟုတ်ပါဘူး။

အခုပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ဖာဂူဆန် ခေတ်လွန် မန်ယူအသင်းရဲ့ ရင်ခုန်စရာ အချိန်များ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ ဆက်လက်အားပေးကြပါဦး …

Ref: Sportskeeda
Photo: Pinterest , Reddit , Yahoo! Sports , The Independent
Ko Kyue(Akhayar)
www.akhayar.com