ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီး နိုင်ပွဲ(၁)ပွဲ ၊ သရေ(၂)ပွဲ ၊ ရှုံးပွဲ(၁)ပွဲ နဲ့ ရလဒ်တွေဆိုးရွားနေတဲ့ မန်ယူအသင်းဟာ လက်ရှိမှာ ရမှတ်(၅)မှတ်နဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေပါတယ်။ ဒီလိုမျိုး အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူအသင်းရဲ့ဒဏ်ရာရကစားသမားစာရင်းမှာ အခုဆိုရင် အဓိကကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ပေါ့ဘာ Pogba နဲ့ ညာနောက်ခံလူ ဘစ်ဆာကာ Bissaka တို့လည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဒဏ်ရာအနေအထားတွေကြောင့် ဒီကစားသမား(၂)ဦးလုံးဟာ သက်ဆိုင်ရာနိုင်ငံအသင်းတွေရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ကြပြီး ဘစ်ဆာကာ ကတော့ နောက်ကျောဒဏ်ရာကြောင့်လို့ သိရပါတယ်။ မန်ယူအသင်းမှာ ခြေစွမ်းပြနေတာကြောင့် ဘစ်ဆာကာ ဟာ အင်္ဂလန်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး ဒီလိုအချိန်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ညာနောက်ခံလူတွေ အဖြစ် အာနိုးလ် Alexander-Arnold နဲ့ ထရစ်ပီယာ Trippier တို့ရှိနေတာကြောင့် အစားထိုးရွေးချယ်မှုကိုတော့ လုပ်တော့မှာ မဟုတ်ပါဘူး။ လက်ရှိ မန်ယူအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာတော့ မာစီယဲလ် Martial ၊ လုပ်ခ်ရှော Shaw ၊ ပေါ့ဘာ ၊ ဘစ်ဆာကာ ၊ ဒါလော့ Dalot နဲ့ ဘာယီ Bailly တို့ရှိနေကြပြီး အဓိကကစားသမား (၄)ဦးလောက်အထိ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီကစားသမားတွေထဲက မာစီယဲလ် နဲ့ ပေါ့ဘာ တို့ဟာ လာမယ့်(၁၄)ရက်နေ့မှာကစားမယ့် လက်စတာအသင်းနဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ ရှိနေပေမယ့် ဘစ်ဆာကာ ကတော့ သေချာခြင်းမရှိဘူးလို့ သိရပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှား Solskjaer ကတော့ နိုင်ငံတကာပွဲစဉ်တွေအပြီး ဒဏ်ရာကနေ ဒါလော့ ပြန်လည်သက်သာလာဖို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာ လိုအပ်ချက်တွေများနေပြီး ရလဒ်တွေဆိုးနေတဲ့ မန်ယူအသင်းအတွက် ဒဏ်ရာပြဿနာတွေကတော့ တစ်ပူပေါ် နှစ်ပူဆင့်လို့ ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။

Ref: BBC Sports
Photo: Bleacher Report , Usa Today Post
Ko Kyue(Akhayar)
www.akhayar.com