မန်ယူအသင်းရဲ့ အခုနောက်ပိုင်း အပြောင်းအရွှေ့တွေကို ကြည့်မယ်ဆိုရင် အသင်းက စိတ်ဝင်စားလိုက်ပြီဆိုတာနဲ့ ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို သက်ဆိုင်ရာကလပ်အသင်းက သာမန်ထက်တိုးမြင့်လိုက်တာကို တွေ့နေရပါတယ်။ ဒီအနေအထားကို အခုနောက်ပိုင်းနှစ်တွေမှာ တော်တော်လးကို မြင်လာရပြီး မန်ယူဆိုတာနဲ့ ဈေးတက်ချင်ကြတဲ့ သဘောပါ။ ဒါပေမယ့် မန်ယူအသင်းဘက်ကလည်း အသင်းရဲ့လိုအပ်ချက်အရ ကစားသမားခေါ်ယူဖို့ လိုအပ်တာကြောင့် ရှောင်လွဲလို့မရဘဲ ကြိုက်ဈေးပေးပြီးခေါ်နေရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေဖြစ်နေပေမယ့် လက်ရှိမှာတော့ မန်ယူအသင်းဟာ တိုက်စစ်မှူး လူကာကူ Lukaku ကိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခု ဒီ Articleမှာတော့ ဒီအနေအထားနဲ့ ဆက်စပ်ပြီး မန်ယူအသင်းရောင်းချခဲ့တဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Schneiderlin – £24 million

မန်ယူအသင်းဟာ ရှက်နိုက်ဒါလင် Schneiderlin ကို ခေါ်ယူတုန်းက ပေါင်(၂၅)သန်းဝန်းကျင် အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့် ရှက်နိုက်ဒါလင် ဟာ မန်ယူအသင်းရဲ့ စိတ်ပျက်စရာခေါ်ယူမှုတွေထဲကတစ်ခုဖြစ်ခဲ့ပြီး အသင်းအတွက် ဘာဆိုဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြောရရင်တော့ မန်ယူအသင်းရဲ့ ပုံစံနဲ့ ရှက်နိုက်ဒါလင် ဟာ ကိုက်ညီမှုမရှိခဲ့တာဖြစ်ပြီး အသင်းမှာလည်း တစ်နှစ်ကျော်သာခံခဲ့ပါတယ်။ ဒီလိုနဲ့ ရှက်နိုက်ဒါလင် ကို အဲဗာတန်အသင်းဆီ ပြန်လည်ရောင်းချခဲ့ရာမှာတော့ ပေါင်(၂၄)သန်းပြန်ရခဲ့တာကြောင့် သိပ်ပြီး အရှုံးမရှိလိုက်ပါဘူး။

David Beckham – £24.5 million

ဒေးဗစ်ဘက်ခမ် David Beckham ကိုတော့ မန်ယူအသင်းဟာ ၂၀၀၃ ခုနှစ်က ရီးယဲလ်အသင်းဆီ ပေါင်(၂၄.၅)သန်းနဲ့ ရောင်းချခဲ့တာပါ။ မန်ယူအသင်း ဒေးဗစ်ဘက်ခမ် အတွက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးဟာ အဲဒီအချိန်ကမြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုဖြစ်ခဲ့ပေမယ့် မန်ယူအသင်း အနေနဲ့ ဒီထက်ပိုများတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုသင့်တယ်လို့ ထင်မိပါတယ်။ နောက်ပိုင်း ကိစ္စတွေကတော့ အားလုံးသိတဲ့အတိုင်း ဒေးဗစ်ဘက်ခမ် ဟာ မန်ယူအသင်းမှာ အောင်မြင်ခဲ့သလို ရီးယဲလ်အသင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။

Di María – £44.3 million

ဒီမာရီယာ Di María မန်ယူအသင်းကို ရောက်လာတုန်းက ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပေမယ့် အပြောင်းအရွှေ့ကတော့ ကျရှုံးတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းကို စရောက်ရောက်ခြင်းမှာ ဒီမာရီယာ ဟာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရပြီး နောက်မှတော့ ပုံမှန်ခြေစွမ်းပြန်ရဖို့ အခက်အခဲအပြင် နည်းပြဗန်ဟားလ် Van Gaal နဲ့ အဆင်မပြေတဲ့ အခက်အခဲကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအနေအထားတွေကြောင့်ပဲ ဒီမာရီယာ ဟာ မန်ယူအသင်းမှာ တစ်ရာသီသာကြာပြီး PSG အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီမာရီယာ ကိုခေါ်ယူတုန်းက မန်ယူအသင်းဟာ အဲဒီအချိန်ကဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၅၉.၇)သန်း အသုံးပြုခဲ့ရပြီး ပြန်လည်ရောင်းချခဲ့ရာမှာတော့ ပေါင်(၄၄.၃)သန်းရရှိခဲ့ပါတယ်။

Lukaku – £74 million

လူကာကူ Lukaku ရဲ့ မန်ယူကစားသမားဘ၀ကတော့ အခက်အခဲတွေ ၊ ဝေဖန်မှုတွေနဲ့သာပြည့်နှက်ခဲ့ပါတယ်။ မန်ယူအသင်းကနေ ထွက်ခွာတဲ့ အချိန်မှာလည်း လူကာကူ ရဲ့ လုပ်ရပ်တွေက ပရော်ဖက်ရှင်နယ်မဆန်ခဲ့လို့ ထပ်ပြီးဝေဖန်ပြစ်တင်ခံခဲ့ရပါသေးတယ်။ လူကာကူ ကိုခေါ်ယူတုန်းက မန်ယူအသင်းဟာ ပေါင်(၇၅)သန်းသုံးခဲ့ရပေမယ့် ပြန်လည်ရောင်းချချိန်မှာတော့ အင်တာမီလန်အသင်းက ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၄)သန်းထိ အသုံးပြုခဲ့တာကြောင့် ကျေနပ်စရာ အနေအထားတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

Cristiano Ronaldo – £80 million

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ သူကတော့ လက်ရှိဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ကိုတော့ မန်ယူအသင်းက ၂၀၀၉ ခုနှစ်မှာ ရီးယဲလ်အသင်းဆီ အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၈၀)နဲ့ ရောင်းချခဲ့တာပါ။ ရီးယဲလ်အသင်းဟာ စီရော်နယ်လ်ဒို အတွက်ပေါင်သန်း(၈၀)ထိ အသုံးပြုခဲ့ရပေမယ့် သူ့ဆီကပြန်ရခဲ့တာတွေကတော့ အဲ့ထက်မကတန်ခဲ့ပါတယ်။

Ref: Wikipedia
Photo: Inter Milan Facebook , Yahoo! Sports , The Sun , onefootball.com , Sportzwiki
Ko Kyue(Akhayar)
www.akhayar.com