ရာသီအဖွင့်ပွဲတုန်းက ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့  မန်ယူအသင်းဟာ ပွဲစဉ်(၂)မှာပဲ အမှတ်စလျော့ခဲ့ပြီး ၀ုလ်ဗ်အသင်းကို (၁)ဂိုးစီသရေသာကစားနိုင်ခဲ့တယ်။ မန်ယူအသင်းဟာ အခုပွဲကို အနိုင်ရရင် အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်ရှိမှာဖြစ်ပေမယ့် ထုံးစံအတိုင်း သရေကျခဲ့တာကြောင့် အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပါတယ်။ ဒီပွဲ သရေကျခဲ့တဲ့အတွက် အဓိက အပြစ်တင်ရမှာက ကွင်းလယ်လယ်ပေါ့ဘာ Pogba ပါပဲ။ အပိုင်ရတဲ့ ပယ်နယ်တီအခွင့်အရေးကို ၀င်အောင် မကန်နိုင်ခဲ့တာကြောင့် (၃)မှတ်လက်လွှတ်ခဲ့ရတာပါ။

ခံစစ်ပိုင်း ပြန်လည်တည်ငြိမ်လာပြီဖြစ်တဲ့ မန်ယူအသင်းဟာ ဒီပွဲမှာ မာစီယဲလ် Martial ကို အထောင်ထားပြီး (၄-၂-၃-၁)ဆန်ဆန် ကစားကွက်နဲ့ ပွဲထွက်လာခဲ့တယ်။ ၀ုလ်ဗ်ကတော့ ရာသီအဖွင့်ပွဲတုန်းက လက်စတာနဲ့ပွဲမှာ ပွဲထွက်ခဲ့သလို (၃-၅-၂)ကစားကွက်နဲ့ မန်ယူကို ရင်ဆိုင်ခဲ့တယ်။ ခံစစ်ပိုင်း တိုးတက်လာပေမယ့် မန်ယူအသင်းရဲ့ တိုက်စစ်ဆင်မှုတွေက အားနည်းချက်တွေရှိနေပြီး မာကျောတဲ့ ၀ုလ်ဗ်ခံစစ်ကို ထိုးဖောက်ရခက်နေခဲ့တယ်။ ပထမပိုင်း(၂၇)မိနစ်မှာ မန်ယူအဖွင့်ဂိုးရခဲ့ပြီး ရပ်ရှ်ဖို့ဒ် Rashford ရဲ့ ဖန်တီးမှုကနေ မာစီယဲလ် Martial ပိတ်သွင်းယူခဲ့တာပါ။ မန်ယူအသင်းက ဒန်နီယဲလ်ဂျိမ်းစ် Daniel James ရဲ့ ညာခြမ်းကနေ အဓိက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ပြိုင်ဘက်ခံစစ် Final Third Zone ရောက်ရင် ဘောလုံးအပျက်များနေလို့ ထိရောက်မှု မရှိခဲ့ဘူး။ ဒုတိယပိုင်း (၅၅)မိနစ်မှာ ၀ုလ်ဗ် ချေပဂိုးရခဲ့ပြီး နီဗတ်စ် Rúben Neves က ဂိုးဧရိယာထိပ်ကနေ လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ရာအူးလ်ဟီမင်နက်ဇ် Raul Jiménez အပိုင်ခေါင်းတိုက်ချက် လွဲချော်ခဲ့လို့ ၀ုလ်ဗ်စောစောစီးစီး ချေပဂိုး မရခဲ့တာဖြစ်ပါတယ်။ (၆၈)မိနစ်မှာ မန်ယူအသင်းအတွက် အကောင်းဆုံးအခွင့်အရေးအဖြစ် ပယ်နယ်တီ ရခဲ့ပေမယ့် ပေါ့ဘာ Pogba ရဲ့ကန်ချက်ကို ၀ုလ်ဗ်ဂိုးသမား ပက်ထရူစီယို Rui Patrício လက်စွမ်းပြကာကွယ်နိုင်ခဲ့တယ်။ လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်တာကြောင့် (၁)ဂိုးစီသရေနဲ့ ပွဲပြီးခဲ့ပြီး မန်ယူအသင်းဟာ ၀ုလ်ဗ်နဲ့ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး(၄)ပွဲဆက် အနိုင်မရခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲပါတယ်။

Photo:Mancheste United Facebook,Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com