ပြီးခဲ့တဲ့တစ်ပတ်က ပဲလေ့စ်ကို ရှုံးခဲ့တဲ့ မန်ယူ ဒီတစ်ပတ်မှာလည်း (၁၀)ယောက်ကျန် ဆောက်သမ်တန်အသင်းကို အနိုင်မယူနိုင်ခဲ့လို့ (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါပြီ။ ဆိုးလ်ရှား Solskjær က အခုနောက်ပိုင်းပွဲတွေမှာ Out Of Form ဖြစ်နေတဲ့ လင်ဂတ် Lingard နေရာမှာ မာတာ Mata ၊ ပါရဲရား Andreas Pereira တို့နဲ့ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် မန်ယူကွင်းလယ်တိုက်စစ် ကစားပုံက သိသိသာသာပြောင်းလဲတာမျိုး မရှိခဲ့ဘူး။ ပါရဲရားကတော့ အခုအချိန်အထိ မန်ယူအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး မပြနိုင်သေးဘဲ ဒီပွဲမှာလည်း ဘာမှကို မလုပ်ပြနိုင်ခဲ့ပါဘူး။ တိုက်စစ်မှာ ဒန်နီယဲလ်ဂျိမ်းစ် Daniel James ကြိုးစားကစားခဲ့ပြီး ဘယ်ခြမ်းကပဲ အဓိက တိုက်စစ်ဆင်ခဲ့ရတယ်။ အသင်းကြီးတွေကို အိမ်ကွင်းမှာ ဒုက္ခပေးလေ့ရှိတဲ့ ဆောက်သမ်တန်ကလည်း ဒီပွဲမှာ မန်ယူကို အကောင်းဆုံး တုံ့ပြန်ခဲ့ပြီး သရေတစ်မှတ်ရအောင် ကစားနိုင်ခဲ့တယ်။ ဆောက်သမ်တန်အသင်းဟာ မန်ယူကွင်းလယ်က Space တွေကို အသုံးချနိုင်ခဲ့ပြီး ခံစစ်၊ တိုက်စစ် Balance ဖြစ်အောင် ကစားနိုင်ခဲ့တာကို တွေ့ရတယ်။

မန်ယူအသင်းအတွက် အဖွင့်ဂိုးကို မန်ယူတစ်သင်းလုံးမှာ ခြေစွမ်းအပြနိုင်ဆုံးလို့ပြောရမယ့် ဒန်နီယဲလ်ဂျိမ်းစ်က ဂိုးဧရိယာထဲကနေ ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့တာပါ။ ဂိုးရခဲ့ပေမယ့် မန်ယူအသင်းရဲ့ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်ဖြစ်တာက ပိုများနေသလို တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုကလည်း အားရစရာ မရှိပြန်ပါဘူး။ မာတာက No 10 Role ဖြစ်ပေမယ့် ဘယ်ခြမ်းကိုပဲ ထွက်ချင်နေတာကြောင့် ကွင်းလယ်ကြောမှာ ဘောလုံးဖန်တီးပေးမယ့်သူ မရှိဖြစ်နေတာကြောင့် အထောင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford လည်း ဘာမှကို မလုပ်နိုင်တော့ဘူး။ မန်ယူအသင်း ပေးလိုက်ရတဲ့ချေပဂိုးက လင်ဒီလော့ဖ် Lindelöf ရဲ့ အမြင့်ဘောအားနည်းမှုကို အသုံးချပြီး ဆောက်သမ်တန်နောက်ခံလူ ဗက်စတာဂတ် Vestergaard က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာလည်း အမြင့်ဘောရှင်းထုတ်တာမှာ အားနည်းခဲ့တဲ့ လင်ဒီလော့ဖ်ရဲ့ နောက်ထပ် စိတ်ပျက်စရာလို့ ပြောရမှာပါ။ (၇၃)မိနစ်မှာ ဆောက်သမ်တန်နောက်ခံလူ Danso (၂)၀ါ၊ (၁)နီနဲ့ အထုတ်ခံရလို့ မန်ယူအတွက် အခွင့်အရေးဖြစ်ခဲ့ပေမယ့် မိနစ်(၂၀)လောက် ကျန်တာတောင် ဂိုးထပ်မရခဲ့ပါဘူး။ မန်ယူအသင်းရဲ့ ဂိုးသွင်းချက်တွေကိုလည်း ဆောက်သမ်တန်ဂိုးသမား Gunn အကောင်းဆုံး ကာကွယ်ခဲ့လို့ မန်ယူအသင်း အဝေးကွင်းမှာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo: Opta Joe Twitter,Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com