မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ပယ်နယ်တီဂိုးတွေကြောင့် ကံကောင်းခဲ့ပြီး နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ ဒီပွဲမှာ ၀က်စ်ဟမ်းအသင်းရဲ့ ခြေစွမ်းအရ သရေတစ်မှတ်ရသင့်ပေမယ့် အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့လို့ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရေးပါနေပေမယ့်လည်း မန်ယူအသင်းဟာ အခုပွဲမှာ အာရုံစူးစိုက်မှု မရှိသလိုပုံစံနဲ့ ကစားခဲ့ပြီး ခြေစွမ်းက အားရစရာမရှိခဲ့ဘူး။ ကစားသမားတွေကြား နားမလည်မှုမရှိတာ၊ ဘောလုံးပေးပို့မှုတွေက အမှားများနေတာတွေက စိတ်ပျက်စရာပါ။ ၀က်စ်ဟမ်းအသင်းက ပုံမှန်အတိုင်း တောင်ပံတွေကနေ အဓိကထိုးဖောက်ကစားခဲ့ပြီး မန်ယူအသင်း ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတယ်။ ပထမပိုင်း (၁၉)မိနစ်မှာ မာတာ Mata ကို ဆနော့ဂရက်စ် Snodgrass ပယ်နယ်တီဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ မန်ယူ ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ပေါ့ဘာ Pogba က အမှားအယွင်းမရှိကန်သွင်းခဲ့တယ်။

မာတာ Mata ၊ လင်ဂတ် Lingard ၊ မာစီယဲလ် Martial တို့ ခြေမပေါ်ခဲ့သလို ဖရက်ဒ် Fred ကလည်း ထုံးစံအတိုင်း သိပ်အကောင်းကြီး မဟုတ်ခဲ့ဘူး။ ဥရောပထိပ်သီးအသင်းတွေ ပစ်မှတ်ထားနေတဲ့ ၀က်စ်ဟမ်း လူငယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ် Declan Rice ခြေစွမ်းပြကစားခဲ့ပြီး မန်ယူအသင်းရဲ့ တိုက်စစ်လမ်းကြောင်းကို အကောင်းဆုံး ဟန့်တားသွားခဲ့တယ်။ ၀က်စ်ဟမ်းအသင်းရဲ့ ချေပဂိုးကို (၄၉)မိနစ်မှာ လန်ဇီနီ Lanzini ရဲ့ပေးပို့မှုကနေ ဖိလစ်ပီအန်ဒါဆန် Felipe Anderson က ပိတ်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ အန်တိုနီယို Antonio လူစားဝင်လာပြီးနောက်ပိုင်း ၀က်စ်ဟမ်းတိုက်စစ်က မန်ယူကို ပိုခြိမ်းခြောက်နိုင်ခဲ့ပြီး ဒီဂီယာ De Gea လက်စွမ်းပြတဲ့တစ်ကြိမ်၊ ဂိုးတိုင်ထိတဲ့တစ်ကြိမ်သာ ဂိုးဝင်ခဲ့ရင် မန်ယူ ဖိအားများသွားနိုင်တယ်။ မန်ယူအသင်း ကွင်းလယ်မှာ Space တွေ အများကြီးဖြစ်နေတာကြောင့် ၀က်စ်ဟမ်းအသင်းက အဲဒီအားနည်းချက်ကို အသုံးချပြီး ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ် Rashford ၀င်လာတော့မှ မန်ယူတိုက်စစ်လှုပ်လာခဲ့ပြီး ၀က်စ်ဟမ်းခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့တယ်။ မိနစ်(၈၀)မှာ မာစီယဲလ်ကို Fredericks ပြစ်ဒဏ်ကျူးလွန်ခဲ့တာကနေ ရရှိခဲ့တဲ့ပယ်နယ်တီကို ပေါ့ဘာပဲ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲအနိုင်ရခဲ့လို့ မန်ယူရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အသက်ဆက်နိုင်ခဲ့ပေမယ့် လိုအပ်ချက်တွေကို ပြင်ဆင်ဖို့တော့လိုနေပါပြီ။

Photo:Premier League Facebook
Naing Linn(Akhayar)
www.akhayar.com