တစ်ချိန်က ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကောင်းတွေဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီနှစ်သင်းကြား ကွာဟချက်က အရမ်းကြီးမားလွန်းနေပါပြီ။ နာမည်ကျော် နည်းပြဘီယဲလ်ဆာ Marcelo Bielsa ရဲ့ ဦးဆောင်မှုနဲ့အတူ လမ်းကြောင်းမှန်ပေါ် ရောက်အောင် ကြိုးစားနေတဲ့ လိဒ်စ်အသင်းဟာ အခုပွဲမှာ မန်ယူကို အပြန်အလှန်ကစားနိုင်ခဲ့ပေမယ့် ကစားသမားအရည်အသွေးပိုင်းက အရမ်းစကားပြောခဲ့ပြီး ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား Ole Gunnar Solskjær ဟာ ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ ဘစ်ဆာကာ Aaron Wan-Bissaka ၊ ဒန်နီယဲလ်ဂျိမ်းစ် Daniel James တို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး စိတ်ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တယ်။ အသင်းပြောင်းမယ်လို့ သတင်းထွက်နေတဲ့ ပေါ့ဘာ Pogba လည်း ဒီပွဲမှာ ပါဝင်ခဲ့ပြီး အခွင့်အရေးကောင်းတချို့ကို ဖန်တီးပေးနိုင်ခဲ့တယ်။

ဒါပေမဲ့ မန်ယူအသင်းဟာ အခုအချိန်အထိ Unite ဖြစ်တဲ့ ကစားပုံ မတွေ့ရသေးဘဲ မလိုလားအပ်တဲ့ အမှားတွေ ကျူးလွန်နေဆဲပါပဲ။ ဒီပွဲဟာ ခြေစမ်းပွဲပဲလို့ ဆင်ခြေပေးမှာထက် ဒီထက်ပိုကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဆိုးလ်ရှား ပြင်ဆင်ဖို့ လိုနေပါသေးတယ်။ လိဒ်စ်လိုအသင်းမျိုးရဲ့ တိုက်စစ်ကိုတောင် သေသေချာချာ မထိန်းနိုင်ဘဲ အပိုင်အခွင့်အရေးတွေ ပေးခဲ့ရပြီး ပြိုင်ဘက်ကစားသမားတွေ အသုံးမချနိုင်ခဲ့လို့ ကံကောင်းခဲ့တာပါ။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို (၇)မိနစ်မှာပဲ ဘစ်ဆာကာ ပေးတာကနေ လူငယ်ကစားသမား ဂရင်းဝုဒ် Mason Greenwood က သွင်းယူခဲ့ပြီး (၂၇)မိနစ်မှာ ရက်ရှ်ဖို့ဒ် Marcus Rashford က နောက်ခံလူ (၂)ဦးကို Faint နဲ့ ကျော်ဖြတ် ကန်သွင်းခဲ့တာဖြစ်ပါတယ်။ တတိယဂိုးကိုတော့ ဖီးလ်ဂျုံးစ် Phil Jones က ထူးထူးခြားခြားပဲ ကိုယ့်ဂိုးကိုယ် မသွင်းဘဲ ပြိုင်ဘက်အသင်းဘက်ကို ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းအတွက် စတုတ္ထမြောက်ဂိုးကတော့ လူငယ်တိုက်စစ်ကစားသမား တာဟစ်ချောင် Tahith Chong ရဲ့ ပါးနပ်မှုကြောင့် ရခဲ့တဲ့ ပယ်နယ်တီကို မာစီယဲလ် Anthony Martial က ကန်သွင်းခဲ့တာပါ။ ၂၀၁၉-၂၀ ရာသီအတွက် ပြင်ဆင်နေတဲ့ မန်ယူအသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းနေပြီး ပါ့သ်ဂလိုရီ၊ လိဒ်စ်အသင်းတွေကို ဆက်တိုက်အနိုင်ကစားခဲ့ပါတယ်။

Photo:Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com