ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁)ကတော့ ပြီးဆုံးခဲ့ပါပြီ။ ပွဲစဉ်(၁)မှာတော့ ပွဲကောင်းတွေကို ခံစားခဲ့ရပြီး မန်ယူ ( ၄ – ၀ ) ချယ်လ်ဆီးပွဲစဉ်က ရင်ခုန်စရာအကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ အခု ဒီ Article မှာတော့ မန်ယူ ( ၄ – ၀ ) ချယ်လ်ဆီးပွဲစဉ်က ပြောစရာအကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

ဘစ်ဆာကာ Aaron Wan-Bissaka ကတော့ မန်ယူပရိသတ်တွေရဲ့ရင်ထဲကို အချိန်တိုအတွင်း ရောက်သွားခဲ့တယ်လို့ ပြောရမှာပါ။ မန်ယူအသင်းဟာ ဘစ်ဆာကာ အတွက် ပေါင်သန်း(၅၀)အထိ အသုံးပြုခဲ့တာကြောင့်လည်း စောင့်ကြည့်ချင်စရာဖြစ်ခဲ့ပြီး ဝေဖန်သူတွေအတွက် သူ့ရဲ့ရာသီကြိုခြေစမ်းပွဲတွေက ခြေစွမ်းက လုံလောက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် အဖွင့်ချယ်လ်ဆီးနဲ့ ပွဲမှာတော့ ဘစ်ဆာကာ ဟာ ညာခြမ်းခံစစ်တစ်လျှောက် အသင်းလိုက်ရော တစ်ဦးချင်းပါ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ဘစ်ဆာကာ ဟာ တိုက်စစ်အားသန်ကစားသမားမဟုတ်တာကြောင့် တိုက်စစ်ပံပိုးမှုအားနည်းပေမယ့် ချယ်လ်ဆီးနဲ့ ပွဲမှာတော့ သူ့ရဲ့ တိုက်စစ်ပိုင်းတိုးတက်မှုတချို့ မြင်တွေ့ခဲ့ရပြီး ခံစစ်ပိုင်း စွမ်းဆောင်ရည်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်ခဲ့ပါတယ်။

မက်ဂွိုင်းယား Maguire ရဲ့ မန်ယူကစားသမားဘ၀ ပွဲဦးထွက်ပွဲ ခြေစွမ်းကတော့ အားလုံးသဘောကျစရာဖြစ်ခဲ့ပါတယ်။ တကယ်တမ်းလည်း မက်ဂွိုင်းယား ဟာ မန်ယူအသင်းရဲ့ ကာလရှည်လိုအပ်နေတဲ့ ဗဟိုခံစစ်တစ်နေရာအတွက် အဖြေတစ်ခုဖြစ်ခဲ့ပါတယ်။ ခံစစ်ကစားသမားဟာ ကောင်းမွန်တာကြောင့် ရှေ့ကလူတွေက လွတ်လွတ်လပ်လပ်ကစားနိုင်ခဲ့ပြီး သူတို့ရဲ့ အမှားကနေ ကျွံလာတဲ့ ဘောလုံးတွေကိုပါ မက်ဂွိုင်းယား က တားဆီးနိုင်ခဲ့သလို လုခ်ရှော Shaw တိုက်စစ်ပါသွားရင် ကွက်လပ်ဖြစ်စွားတဲ့ ဘယ်နောက်ခံနေရာကိုပါ ဖြည့်ကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ ပွဲမှာတော့ မက်ဂွိုင်းယား ရဲ့ ခံစစ်တန်းကို ဦးဆောင်နိုင်စွမ်းနဲ့ သူ့ရဲ့အမြင့်ဘော အသာစီးယူနိုင်မှု ၊ ပြိုင်ဘက်တိုက်စစ်ကို ကြားထဲကနေ ဖြတ်တောက်နိုင်စွမ်းတွေက အသင်းအတွက် အရမ်းအရေးပါခဲ့ပါတယ်။

မန်ယူ ( ၄ – ၀ ) ချယ်လ်ဆီးပွဲစဉ်မှာတော့ မန်ယူအသင်းရဲ့ တန်ပြန်တိုက်စစ်ကစားပုံက ချယ်လ်ဆီးအသင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ မန်ယူအသင်းရဲ့ ဒီရာသီတိုးတက်လာတဲ့ အရာတစ်ခုဖြစ်ပြီး ကျေနပ်စရာအချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မန်ယူအသင်းရရှိခဲ့တဲ့ (၃)ဂိုးမှာတော့ တန်ပြန်တိုက်စစ်က အရေးပါတဲ့ နေရာမှာရှိနေပြီး ကွင်းလယ်လူ ပေါ့ဘာ Pogba ကလည်း အသင်းရဲ့တန်ပြန်တိုက်စစ်ထက်မြက်ဖို့ အတွက် အဖြေတစ်ခုဖြစ်ခဲ့ပါတယ်။

မန်ယူ ( ၄ – ၀ ) ချယ်လ်ဆီးပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ မန်ယူအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ အဆိုးကြီးမဟုတ်ခဲ့ပါဘူး။ ပထမပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ မန်ယူဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာ Degea ရဲ့လက်စွမ်းက ကောင်းမွန်ခဲ့သလို ချယ်လ်ဆီးအသင်းကလည်း ဂိုးကံခေခဲ့တာကြောင့် အခုလိုပြတ်သားတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ရတာဖြစ်ပါတယ်။

လူကာကူ Lukaku ထွက်ခွာသွားလို့ စိုးရိမ်စရာ အနည်းငယ်ဖြစ်နေတဲ့ မန်ယူတိုက်စစ်ဟာလည်း ဒီပွဲမှာ စိတ်ကျေနပ်စရာပုံစံကောင်းကို ပြသခဲ့ပါတယ်။ အဓိကကတော့ ရက်ရှ်ဖို့ဒ် Rashford နဲ့ မာစီယဲလ် Martial တို့ရဲ့တိုက်စစ်ပိုင်း ဖြစ်ပြီး ပွဲကစားချိန်တစ်လျှောက်လုံး သူတို့(၂)ယောက်ဟာ တိုက်စစ်ပိုင်းမှာ နေရာချိန်းကစားသွားခဲ့သလို ချယ်လ်ဆီးခံစစ်ကိုလည်း တစ်ချိန်လုံး ဒုက္ခပေးသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာတော့ ရက်ရှ်ဖို့ဒ် နဲ့ မာစီယဲလ် တို့ဟာ အခွင့်အရေးသိပ်မရကြပေမယ့် ရရှိခဲ့တဲ့ အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြေင့် အဆုံးသတ်ပိုင်း စွမ်းဆောင်ရည် အရင်ကထက်ပိုတိုးတက်လာတယ်လို့ ယူဆကြရမှာဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Manchester United Twitter , Bleacher Report , MUFC Live , The Sun , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com