ပြီးခဲ့တဲ့ (၁၀)နှစ်အတွင်း ကစားသမားခေါ်ယူဖို့ ပြောင်းရွှေ့ကြေး အများဆုံးသုံးစွဲခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ ပရီးမီးယားလိဂ်(၂)နှစ်ဆက် ချန်ပီယံ မန်စီးတီးအသင်းကို ဘယ်အသင်းမှ လိုက်မမီခဲဘဲ သူတို့ရဲ့ စုစုပေါင်း ပြောင်းရွှေ့ကြေးအသုံးစရိတ်က ပေါင်(၁.၅)ဘီလီယံအထိ ရှိခဲ့ပါတယ်။ နာမည်ကျော် အားကစား ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Transfermarkt ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၉-၁၀ ရာသီက စပြီး မန်စီးတီးအသင်းဟာ ကစားသမား စုစုပေါင်း(၂၇၈)ဦး ခေါ်ယူခဲ့ပြီး ဥရောပရဲ့ အသုံးစရိတ်အများဆုံး ကလပ်အသင်းအဖြစ် ရပ်တည်ခဲ့တာပါ။ နည်းပြဂွါဒီယိုလာ Pep Guardiola က သူတို့အသင်းဟာ ငွေကို ပရမ်းပတာ သုံးလေ့မရှိဘူးလို့ ဆိုခဲ့ပေမယ့် မန်စီးတီးနည်းပြဘ၀ ပြီးခဲ့တဲ့(၃)နှစ်အတွင်း သူတစ်ဦးတည်း ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေး အသုံးစရိတ်က ပေါင်သန်းရာနဲ့ချီရှိပါတယ်။

ဂွါဒီယိုလာလက်ထက်မှာ ပေါင်သန်း(၅၀)နဲ့အထက်ပေးပြီး ခေါ်ယူခဲ့တာက ကစားသမား(၉)ဦးအထိ ရှိပြီး ဒီနွေရာသီတစ်ခုတည်းမှာပဲ အသုံးစရိတ်က ပေါင်သန်း(၁၀၀)ကျော်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း မန်စီးတီးအသင်းရဲ့ ကစားသမားရောင်းချရတာက ပြန်ရတဲ့ဝင်ငွေက ပေါင်(၄၅၂)သန်းသာရှိတာကြောင့် အသားတင်အသုံးစရိတ်က ပေါင်(၁.၁၈)ဘီလီယံအထိ ရှိခဲ့တာပါ။ မန်စီးတီးပြီးရင် ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံးက လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ဖြစ်ပြီး နှစ်သင်းစလုံးက ကစားသမား (၁၃၀)နီးပါး ခေါ်ယူခဲ့တာမှာ ပေါင်(၁.၁၃)ဘီလီယံ၊ ပေါင်(၁.၂၄)ဘီလီယံအထိ သုံးစွဲခဲ့ကြပါတယ်။ အခုစာရင်းမှာ ပေါင်(၁)ဘီလီယံနဲ့အထက် သုံးစွဲခဲ့ကြတဲ့ ကလပ်အသင်း(၇)သင်းရှိပြီး မန်စီးတီး၊ ရီးယဲလ်၊ ဘာစီလိုနာတို့အပြင် ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်၊ PSG ၊ မန်ယူတို့လည်း (၁၀)နှစ်အတွင်း ပေါင်(၁)ဘီလီယံကျော် အသုံးပြုခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:The Sun,Manchester City Facebook
Naing Linn(Akhayar)
www.akhayar.com