ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ VAR ကြောင့် စပါးအသင်းကို အရေးနိမ့်ခဲ့ရတဲ့ မန်စီးတီး အခုပွဲမှာလည်း VAR ကြောင့်ပဲ အဖိုးတန်(၃)မှတ် နစ်နာခဲ့ရပြန်ပါပြီ။ ခြေစွမ်းအရကြည့်မယ်ဆိုရင် မန်စီးတီးအသင်းဟာ ပြတ်သားတဲ့နိုင်ပွဲတစ်ပွဲ ရယူခဲ့သင့်ပေမယ့် ကံဆိုးစွာနဲ့ပဲ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတယ်။ ဂိုးပေါက်ကန်သွင်းမှု အကြိမ်(၃၀)လောက်ရှိပေမယ့် (၂)ဂိုးသာ ၀င်ခဲ့ပြီး ရတဲ့အနိုင်ဂိုးကလည်း VAR ကြောင့် ပယ်ဖျက်ခံခဲ့ရတယ်။ ဒီပွဲမှာ စပါးအသင်းရဲ့ ကစားပုံက စိတ်ပျက်စရာပါပဲ။ အဓိက ကစားသမားတွေဖြစ်တဲ့ ဆွန်ဟောင်မင် Son Heung-Min ၊ အယ်လီ Alli တို့ မပါနိုင်ခဲ့ပေမယ့် တခြားထိပ်တန်းကစားသမားတွေ ရှိတာတောင် ခြေစွမ်းက ဆိုးရွားလွန်းပါတယ်။ မန်စီးတီးအသင်း ကံဆိုးချိန်မှာ ဂိုးပေါက်ကန်သွင်းမှု (၃)ကြိမ်ကနေ (၂)ဂိုးရခဲ့တဲ့ စပါးအသင်းကတော့ ကံကောင်းခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ တစ်ပွဲလုံး အသာစီးက ကစားနိုင်ခဲ့ပြီး ဒီဘရိုင်းနား De Bruyne ရဲ့ ညာခြမ်းက Cross တွေက စပါးအသင်း ခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့တယ်။ မိနစ်(၂၀)မှာ ဒီဘရိုင်းနားရဲ့ တိကျကောင်းမွန်တဲ့ ဖြတ်တင်ဘောကနေ စတာလင် Sterling က အလိုက်သင့် ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ လာမီလာ Lamela က ချေပဂိုးသွင်းယူခဲ့ပြီး ဒါဟာ မန်စီးတီးဂိုးသမား အီဒါဆန် Ederson Moraes မလိုအပ်ဘဲ ရှေ့ကိုကျွံထွက်နေတာကြောင့် ပေးခဲ့ရတာပါပဲ။

(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

တစ်ချိန်လုံး ဖိကစားနေတဲ့ မန်စီးတီး (၃၅)မိနစ်မှာ ဒုတိယဂိုးရခဲ့ပြီး ဒီဘရိုင်းနားရဲ့ ပေးပို့မှုကပဲ အဂွဲရိုး Sergio Aguero က အနီးကပ်ပိတ်သွင်းခဲ့တာပါ။ မန်စီးတီးအသင်းက (၄-၁-၄-၁)နဲ့ (၄-၃-၃)ကို အလျင်းသင့်သလို ပြောင်းလဲကစားခဲ့တယ်။ အပိုင်ဂိုးသွင်းခွင့်တွေ အများကြီးရပေမယ့် လိုရစ် Lloris ကာကွယ်နိုင်တာရယ်၊ မန်စီးတီးတိုက်စစ်ကစားသမားတွေ လွဲချော်နေလို့ ဂိုးမရခဲ့ပါဘူး။ စပါးအသင်းက ခံစစ်ကို အဓိက အာရုံစိုက်နေတာကြောင့် အထောင်တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane ရှေ့မှာ လူပိုလိုဖြစ်နေခဲ့တယ်။ ဒါပေမဲ့ စပါးအသင်း ကံကောင်းခဲ့တာက ဒုတိယပိုင်း(၅၆)မိနစ်မှာ လူးကပ်စ်မော်ရာ Lucas Moura က လူစားဝင်ဝင်ချင်းမှာပဲ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ လူးကပ်စ်မော်ရာဟာ လူစားဝင်ပြီး (၁၉)စက္ကန့်အကြာမှာပဲ ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာ Guardiola မှားခဲ့တာက ဂိုးရဖို့လိုနေချိန်မှာ အဂွဲရိုးကို လူစားလဲခဲ့တာဖြစ်ပြီး ဘာနာဒိုဆေးလ်ဗား Bernardo Silva ဒါမှမဟုတ် ဘယ်ခြမ်းမှာ ကစားအားကျနေတဲ့ စတာလင် Sterling ကို ဂျေးဆု Gabriel Jesus နဲ့ လူစားလဲသင့်တယ်လို့ ထင်ပါတယ်။ လူစားလဲခံခဲ့ရချိန်မှာ အဂွဲရိုး မကျေမနပ်ဖြစ်ပြီး ဂွါဒီယိုလာနဲ့ စကားများခဲ့ပါသေးတယ်။ လက်ကျန်မိနစ်တွေမှာ ဂွါဒီယိုလာဟာ ကစားသမားအပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် မထင်မှတ်လောက်အောင်ပဲ မန်စီးတီး ကစားအားကျသွားခဲ့တယ်။ နာကျင်အချိန်ပိုမှာ ဂျေးဆု ဂိုးသွင်းခဲ့ပေမယ့် အဲဒီမတိုင်ခင် လာပေါ့တ် Laporte လက်နဲ့ထိခဲ့လို့ VAR က ဂိုးမပေးခဲ့ပါဘူး။ ဒါကြောင့်ပဲ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ခရစ္စမတ်ကာလနောက်ပိုင်း ပထမဆုံးအဖြစ် အိမ်ကွင်းမှာ အမှတ်ပြည့်မရခဲ့တဲ့အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo:Manchester City Twitter,Tottenham Hotspur Twitter
‏Naing Linn(Akhayar)
www.akhayar.com