FA ဖလား ဆီမီးဖိုင်နယ် ပထမပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ ဘရိုက်တန်ပွဲမှာတော့ ထုံးစံအတိုင်း မန်စီးတီးအသင်းပဲ အနိုင်ရခဲ့ပေမယ့် ဂိုးပြတ်နိုင်ပွဲတော့ မဟုတ်ခဲ့ဘဲ (၁-၀)ဂိုးရလဒ်နဲ့သာ အနိုင်ရခဲ့တာပါ။ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကို ချီးကျူးရမှာဖြစ်ပြီး ကိုယ့်ထက် အဆင့်မြင့်တဲ့အသင်းကို အကောင်းဆုံး တုံ့ပြန် ကစားနိုင်ခဲ့တဲ့အပြင် ဒုတိယပိုင်းမှာ ဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ်ကစားဖို့ ရှိနေတာကြောင့် ခွန်အားကို ချွေကစားခဲ့တာကြောင့် အခုလို ရလဒ်ထွက်ပေါ်ခဲ့တာပါ။ ပွဲစလို့ (၄)မိနစ်အကြာမှာပဲ မန်စီးတီး ဂိုးရခဲ့ပြီး ဒီဘရိုင်းနား Kevin De Bruyne ရဲ့ တိကျတဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး ဂျေးဆူ Gabriel Jesus က ဒိုင်ဗင်ထိုး ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် ဘရိုက်တန်အသင်းရဲ့ ခံစစ်က အမှားမရှိခဲ့လို့ အပိုင်ဂိုးသွင်းခွင့်တော့ သိပ်မရခဲ့ဘူး။ ဘရိုက်တန်အသင်းက တတ်နိုင်သလောက် မန်စီးတီးဘက်ကို ပြန်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အသွေးက ကွာခြားတာကြောင့် ခံစစ်မှာသာ အချိန်ကုန်ခဲ့ရတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို ပုံမှန် Pressing လုပ်ခဲ့ပေမယ့် ဘရိုက်တန်အသင်းက Do Or Die ဖွင့်ကစားခဲ့လို့ ပွဲကို ထိန်းချုပ်ဖို့ တော်တော်လေး ကြိုးစားလိုက်ရတယ်။ မန်စီးတီးအသင်းဟာ ဂိုးထပ်ရဖို့ထက် အနိုင်ရလဒ်ကိုသာ ထိန်းကစားသွားခဲ့ပြီး ပွဲပြီးခါနီးမှာ စတာလင် Raheem Sterling ရဲ့ ကန်ချက်ကို ဘရိုက်တန်ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ (၁-၀)ဂိုးနဲ့ပဲပွဲပြီးခဲ့တယ်။ ဖလား(၄)လုံး မျှော်လင့်ချက်ရှိနေတဲ့ မန်စီးတီးအသင်းဟာ ဒုတိယမြောက်ဆုဖလား ရယူဖို့ နီးစပ်လာပြီဖြစ်ပြီး နည်းပြဂွါဒီယိုလာ Pep Guardiola ကတော့ လီဗာပူးလ်နည်းပြဟောင်း ဒဲဂလစ်ရှ် Kenny Dalglish (၂၀၁၁-၁၂)နောက်ပိုင်း တစ်ရာသီအတွင်း ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲဖြစ်တဲ့ လိဂ်ဖလား၊ FA ဖလား ဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

Photo:Manchester City Twitter
Naing Linn(Akhayar)
www.akhayar.com