ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေထဲမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲက လူကြိုက်အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်သလို အကြိတ်အနယ်အရှိဆုံး လိဂ်တစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ကမောက်ကမရလဒ်တွေ ထွက်ပေါ်လေ့ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတာ ပရိသတ်တွေလည်း အသိပါပဲ။ ဒီလိုပြိင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပြိုင်ပွဲမှာ စစရောက်ချင်းမှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာက ကြီးမားတဲ့အောင်မြင်မှုလို့ ပြောရမယ်။ ဂန္ထ၀င်နည်းပြကြီးတွေဖြစ်တဲ့ ဖာဂူဆန် Alex Ferguson ၊ ၀င်းဂါး Arsene Wenger တို့တောင် ပရီးမီးယားလိဂ်ကို ရောက်ရောက်ချင်း ချန်ပီယံမဖြစ်ခဲ့ဘဲ ပရီးမီးယားလိဂ်ဖလားကို (၂)ရာသီဆက် ရခဲ့တဲ့ ဂွါဒီယိုလာ Pep Guardiola လည်း အဲဒီလို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို စရောက်ရောက်ချင်းမှာပဲ ကိုယ့်အသင်းအတွက် ချန်ပီယံဆုရယူပေးခဲ့တဲ့ နည်းပြတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ရပါတယ် . . .

Jose Mourinho

ချယ်လ်ဆီးနဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟို Jose Mourinho ကတော့ ထူးထူးခြားခြားပဲ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ကို စတင်ခြေချခဲ့တဲ့ ပထမဆုံးရာသီနဲ့ ဒုတိယရာသီတွေမှာ ပရီးမီးယားလိဂ်ဖလား (၂)ကြိမ်ဆက် ရယူခဲ့တယ်။ ချယ်လ်ဆီးအသင်းကို နောက်တစ်ကြိမ် ကိုင်တွယ်ခဲ့တုန်းက ၂၀၁၄-၁၅ ရာသီမှာ ပရီးမီးယားလိဂ်နောက်တစ်ကြိမ် ထပ်ရယူခဲ့ပေမယ့် မော်ရင်ဟိုနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ဇာတ်လမ်းက နှစ်ကြိမ်စလုံး အကွဲအပြဲတွေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

Carlo Ancelotti

အီတလီဝါရင့်နည်းပြကြီး အန်ဆယ်လော့တီ Carlo Ancelotti ကလည်း ချယ်လ်ဆီးအသင်း နည်းပြဘ၀ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့တယ်။ ပိုပြီးဂုဏ်ယူစရာကောင်းတာက ၂၀၀၉-၁၀ ရာသီမှာ မန်ယူအသင်းကို တစ်မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့သလို သွင်းဂိုး(၁၀၃)ဂိုးနဲ့ သွင်းဂိုးအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ရာသီကုန်မှာတော့ အန်ဆယ်လော့တီလည်း အောင်မြင်မှု မရခဲ့လို့ ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။

Manuel Pellegrini

မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီ Manuel Pellegrini ကလည်း ပရီးမီးယားလိဂ်ကို စစရောက်ချင်း ချန်ပီယံဖြစ်ခဲ့တဲ့ ရှားရှားပါးပါးနည်းပြတွေထဲမှာ တစ်ဦးအပါအ၀င်ပါပဲ။ ၂၀၁၃ ခုနှစ်မှာ မန်စီးတီးအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အဲဒီနှစ်မှာပဲ ပရီးမီးယားလိဂ်၊ လိဂ်ဖလားတွေရယူနိုင်ခဲ့တယ်။ ဒါ့အပြင် ပယ်လီဂရီနီဟာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံဖလားရယူခဲ့တဲ့ ပထမဆုံး ချီလီလူမျိုးနည်းပြအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။

Antonio Conte

ဒီစာရင်းထဲမှာ ချယ်လ်ဆီးနည်းပြဟောင်း တော်တော်များများ ပါဝင်ခဲ့တာတော့ အံ့သြစရာပါပဲ။ ၂၀၁၆-၁၇ ရာသီမှာ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ကွန်တီ Antonio Conte ဟာ အသင်းကို (၂)ရာသီသာ ကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တယ်။ ချယ်လ်ဆီးနည်းပြဘ၀ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား၊ ဒုတိယရာသီမှာ FA ဖလားတွေ ရယူခဲ့ပြီး ကလပ်အသင်းရဲ့ လိဂ်ပွဲဆက် နိုင်ပွဲအများဆုံးရယူခဲ့သူ (၁၁ပွဲ)၊ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်နိုင်ပွဲအများဆုံး ကလပ်အသင်း(၃၀ပွဲ)စတဲ့ စံချိန်မှတ်တမ်းကောင်းတွေပါ ရယူနိုင်ခဲ့ပါတယ်။

Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com