ဘောလုံးလောကမှာ နည်းပြတစ်ဦးရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါလဲဆိုတာ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ အသင်းအတွက် သင့်တော်မယ့် နည်းဗျူဟာ ချမှတ်ရမယ့်အပြင် ကစားသမားရွေးချယ်မှုအပိုင်း၊ ပွဲတစ်ပွဲရဲ့အလှည့်အပြောင်းကိုလည်း ဖန်တီးနိုင်စွမ်းရှိရမှာပါ။ ငွေကြေးအင်အား တောင့်တင်းတဲ့ အသင်းတစ်သင်းနဲ့ ဆုဖလားအောင်မြင်မှုရယူနိုင်တာထက် သာမန်အသင်းတစ်သင်းအတွက် အဓိက ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြဆိုရင် ပိုပြီး အထင်ကြီးလေးစားစရာကောင်းနေပါတယ်။ အလယ်အလတ်အသင်းကို ကိုင်တွယ်ပြီး သမိုင်းဝင် အောင်မြင်မှုရယူနိုင်ခဲ့တဲ့ နည်းပြဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ ဒါကြောင့် အဲဒီနည်းပြတွေထဲက ပရိသတ်နဲ့ ရင်းနှီးပြီးသား နည်းပြ(၃)ဦးကို ဖော်ပြလိုက်ပါတယ် . .

Jose Mourinho (FC Porto)

Mourinho

Mourinho

၂၀၀၃-၀၄ ရာသီ ချန်ပီယံလိဂ်မှာ ပေါ်တိုအသင်း ဗိုလ်စွဲမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ မော်ရင်ဟို Jose Mourinho ရဲ့ ဦးဆောင်မှုနဲ့အတူ ပေါ်တိုအသင်း ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခွင့်ရခဲ့ပြီး မော်ရင်ဟိုရဲ့ နာမည်ကလည်း ဘောလုံးလောကမှာ တဟုန်ထိုး ထင်ရှားလာခဲ့တယ်။ ပရီးမီးယားလိဂ် ထိပ်သီး မန်ယူကို ကျော်ဖြတ်လာခဲ့တဲ့ ပေါ်တိုအသင်းဟာ ဗိုလ်လုပွဲမှာ မိုနာကိုအသင်းနဲ့ ဆုံတွေ့ခဲ့ပြီး (၃-၀)ဂိုးပြတ် ရလဒ်နဲ့ ဗိုလ်စွဲခဲ့တာပါ။ မော်ရင်ဟိုဟာ ဒေကို Deco ၊ ကာဗယ်လ်ဟို Ricardo Carvalho ၊ ဖာရဲရား Paulo Ferreira စတဲ့ ကစားသမားတွေကို ဘောလုံးစင်မြင့်ထက်မှာ ထင်ရှားကျော်ကြားလာအောင် စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Diego Simeone (Atletico Madrid)

Diego-Simeone

Diego-Simeone

ဒီယေဂိုဆီမြွန်နီ Diego Simeone မကိုင်တွယ်ခင် အက်သလက်တီကိုအသင်းဟာ အောင်မြင်မှုနဲ့ ဝေးကွာနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်း အောင်မြင်မှုတွေ တစ်ခုပြီး တစ်ခု ရယူနေချိန်မှာ အက်သလက်တီကိုအသင်းကတော့ အိမ်နိမ့်စံဘ၀မှာ ရှိနေခဲ့တယ်။ ဒါပေမဲ့ အဲဒီအနေအထားကို ဆီမြွန်နီက ကြီးမားတဲ့အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့(၄)နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၂)ကြိမ် ရောက်ရှိစေခဲ့တဲ့အပြင် ၂၀၁၃-၁၄ ရာသီမှာ စပိန်ဘောလုံးလောကရဲ့ ကြီး(၂)ကြီးဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်ကို ကျော်ဖြတ်ပြီး လာလီဂါဖလား ဆွတ်ခူးခဲ့ပြန်တယ်။ အက်သလက်တီကို နည်းပြဘ၀ (၇)နှစ်တာကာလအတွင်း ယူရိုပါလိဂ်၊ ဥရောပစူပါဖလား၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလား အပါအ၀င် ဆုဖလား(၇)ခုအထိ ရယူခဲ့တာကို ကြည့်ရင် ဆီမြွန်နီရဲ့ အရည်အချင်းကို သိနိုင်မှာပါ။

Claudio Ranieri (Leicester City)

Ranieri

Ranieri

ရာနီရေးရီ Claudio Ranieri ဟာ နည်းပြလောကမှာ အတွေ့အကြုံရင့် နည်းပြတစ်ဦးဖြစ်ပြီး ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး စတဲ့ ထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက ဆုဖလားတွေတော့ မရခဲ့ပါဘူး။ ရာနီရေးရီရဲ့ နည်းပြဘ၀ကို အပြောင်းအလဲဖြစ်စေခဲ့တာက လက်စတာအသင်းကို ကိုင်တွယ်ခဲ့တာပါပဲ။ ၂၀၁၅-၁၆ ရာသီ ပရီးမီးယားလိဂ်မှာ ကြီး(၆)ကြီးဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါးတို့ကို ကျော်ဖြတ်ပြီး လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြခဲ့တာက ဘောလုံးလောကမှာ ကြီးမားတဲ့ Shock ဖြစ်ခဲ့ရတယ်။ သူ့လက်ထက်မှာ ဒရင့်ဝါးတား Danny Drinkwater, ရှမိုက်ကယ် Kasper Schmeichel တို့လို ၀ါရင့်ကစားသမားတွေနဲ့ ဗာဒီ Jamie Vardy ၊ မာရက်ဇ် Riyad Mahrez ၊ ကွန်တေ Kante တို့လို အရည်အသွေးမြင့် ကစားသမားတွေကို ပေါင်းစပ်ပြီး လက်စတာအသင်းအတွက် သမိုင်းဝင်အောင်မြင်မှု ရယူပေးခဲ့တာဖြစ်ပါတယ်။

REF:sportskeeda
Photo:Bleacher Report,SPORTbible,Sunday Post
Naing Linn(Akhayar)
www.akhayar.com