ဘောလုံးလောကမှာ အသင်းတစ်သင်းတည်းကို (၃)ကြိမ်နဲ့ အထက်ကိုင်တွယ်ဖို့ဆိုတာ တကယ့်ကိုမလွယ်တဲ့အရာပါ။ ဒါပေမယ့် ဒီလိုမျိုးတာဝန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြတွေရှိခဲ့ပါတယ်။ ဒီအနေအထားနဲ့ ပတ်သက်ပြီး ဗဟုသုတရစရာတွေကို ဖော်ပြပေးနေတဲ့ Akhayar Sports ရဲ့ ထုံးစံအတိုင်း အခု ပရိသတ်တွေအတွက် အသင်းတစ်သင်းတည်းကို (၃)ကြိမ်နဲ့ အထက်တာဝန်ယူခဲ့တဲ့ နည်းပြများ အပိုင်း(၁)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Kendall (Everton)

အဲဗာတန်အသင်းနဲ့ အတူ ကစားသမားဘ၀မှာ အောင်မြင်ခဲ့တဲ့ ကန်ဒဲလ် Kendall ဟာ နည်းပြဘ၀ကို ရောက်တဲ့အချိန်မှာလည်း အဲဗာတန်အသင်းကို (၃)ကြိမ်ထိ တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ ကန်ဒဲလ် ဟာ အဲဗာတန်အသင်းကို ၁၉၈၁ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်ထိ ပထမအကြိမ် ၊ ၁၉၉၀ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ဒုတိယအကြိမ် ၊ ၁၉၉၇ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ထိ တတိယအကြိမ် ကိုင်တွယ်ခဲ့တာပါ။ နည်းပြအဖြစ် အဲဗာတန်အသင်းကို ကိုင်တွယ်တော့လည်း ကန်ဒဲလ် ဟာ အောင်မြင်မှုတွေများစွာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းရဲ့ ဂန္ထ၀င်တစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

Kendall ရဲ့ အဲဗာတန်နည်းပြဘ၀ အောင်မြင်မှုများ

Football League First Division: 1984–85,1986–87
FA Cup: 1983–84
FA Charity Shield: 1984, 1985, 1986 (shared)
European Cup Winners’ Cup: 1984–85

Steve Coppell (Crystal Palace)

ဒဏ်ရာပြသနာကြောင့် ကစားသမားဘ၀ကနေ စောစောစီးစီး အနားယူခဲ့ရတဲ့ စတိဗ်ကော်ပယ်လ် Steve Coppell ဟာ အသက်(၂၉)နှစ်အရွယ်မှာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြဖြစ်လာခဲ့သူပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ နည်းပြဖြစ်ခဲ့တဲ့ စတိဗ်ကော်ပယ်လ် ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၄)ကြိမ်ထိ တာဝန်ယူကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှုရယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ကလပ်အသင်းပေါင်းများစွာကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး အတွေ့အကြုံမြင့်နည်းပြတစ်ဦးအဖြစ်ရှိနေတဲ့ စတိဗ်ကော်ပယ်လ် ဟာ လက်ရှိမှာတော့ အိန္ဒိယကလပ် ATK အသင်းကို တာဝန်ယူကိုင်တွယ်နေပါတယ်။

Jupp Heynckes (Bayern Munich)

ပရိသတ်တွေအနေနဲ့ ဒီစာရင်းမှာ နာမည်ကျော်ဝါရင့်နည်းပြ ဂျက်ဟေးနက်စ် Jupp Heynckes ပါနေမယ်ဆိုတာ သိနေကြလိမ့်မယ်လို့ ထင်မိပါတယ်။ ဂျက်ဟေးနက်စ် ဟာ ဘိုင်ယန်မြူးနစ်အသင်းကို (၃)ကြိမ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်ကလည်း ဘိုင်ယန်မြူးနစ်အသင်းကို ယာယီကိုင်တွယ်ခဲ့ပါသေးတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို ဂျက်ဟေးနက်စ် ဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ထိ ပထမအကြိမ် ၊ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဒုတိယအကြိမ် ၊ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ တတိယအကြိမ် ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုများစွာရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Jupp Heynckes ရဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ဘ၀အောင်မြင်မှုများ

UEFA Champions League: 2012–13
Bundesliga: 1988–89, 1989–90, 2012–13, 2017–18
DFB-Pokal: 2012–13
DFL-Supercup: 1987, 1990, 2012

Lemonis (Olympiakos)

ဂရိလူမျိုးနည်းပြတစ်ဦးဖြစ်တဲ့ လီမွန်နစ် Lemonis ဟာလည်း အိုလံပီယာကော့စ်အသင်းကို (၄)ကြိမ်တာဝန်ယူကိုင်တွယ်ခဲ့တာကြောင့် အခုလို ဒီစာရင်းထဲမှာပါဝင်နေတာဖြစ်ပါတယ်။ လီမွန်နစ် ဟာ သူ့ရဲ့နည်းပြဘ၀မှာ တခြားကလပ်အသင်းတွေကို တာဝန်ယူကိုင်တွယ်ခဲ့ပေမယ့် အိုလံပီယာကော့စ်အသင်းနဲ့သာ ဆုဖလားအောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။

Lemonis ရဲ့ အိုလံပီယာကော့စ်နည်းပြ ဘ၀အောင်မြင်မှုများ

Greek Championship (4): 2001, 2002, 2007, 2017
Greek Super Cup (1): 2007

Ref: 90Min , sackrace
Photo: The Independent , Chicago Tribune , Bayern Strikes , Jamshedpur FC
Ko Kyue(Akhayar)
www.akhayar.com