၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပွဲစဉ်(၄)ရောက်လာခဲ့ပါပြီ။ ပွဲစဉ်(၄)အပြီးမှာတော့ လီဗာပူးလ်အသင်းက (၁၂)မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး သူတို့နောက်မှာ ပရီးမီးယားလိဂ်(၂)ရာသီဆက် ချန်ပီယံ မန်စီးတီးအသင်းက (၁၀)မှတ်နဲ့ ဖိအားပေးနေပါတယ်။ ဒီရာသီမှာ မန်ယူအပါအ၀င် ထိပ်သီးအသင်းတွေ ရုန်းကန်နေရတာကြောင့် ထိပ်ဆုံးနှစ်သင်းနဲ့ စောစောစီးစီး အမှတ်ကွာနေတာကို အားလုံးအသိပါပဲ။ ထိပ်သီးအသင်းတွေထဲမှာ မန်ယူအသင်းဟာ အပိုင်အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ပေမယ့် တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် အမှတ်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတာပါ။ ဘောလုံးနဲ့ပတ်သက်ပြီး စစ်တမ်းထုတ်ပြန်ရေးအဖွဲ့ Opta ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ အပိုင်အခွင့်အရေးရရှိမှုက တစ်ပွဲပျမ်းမျှ(၇.၄)ကြိမ်အထိ ရှိနေပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီး အခွင့်အရေးဖန်တီးနိုင်မှု အများဆုံးစာရင်းမှာ တတိယအေများဆုံးဖြစ်နေပါတယ်။

ထိပ်ဆုံးမှာတော့ ကမ္ဘာ့အဆင့်တိုက်စစ်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းက ရပ်တည်နေပြီး (၁၁.၇)ကြိမ်အထိရှိနေတာပါ။ ဒုတိယနေရာမှာတော့ ၀က်စ်ဟမ်းအသင်းက အံ့အားသင့်ဖို့ကောင်းအောင် ရပ်တည်နေပြီး သူတို့ရဲ့ ပျမ်းမျှအပိုင်အခွင့်အရေးဖန်တီးနိုင်မှုက (၇.၆၇)ကြိမ်ရှိပေမယ့် အခုလောလောဆယ် (၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေကို အကောင်းဆုံး အသုံးချနိုင်တာက လီဗာပူးလ်အသင်းဖြစ်ပြီး ပျမ်းမျှ(၆.၆၄)ကြိမ်မှာ (၁၂)ဂိုးသွင်းယူနိုင်ခဲ့တယ်။

မန်ယူအသင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေရှိပေမယ့် ခံစစ်မှာတော့ စွမ်းဆောင်ရည်မြင့်တက်လာပြီး ပြိုင်ဘက်ကို တစ်ပွဲပျမ်းမျှ အခွင့်အရေး (၃.၂၅)ကြိမ်ပေးခဲ့ရပေမယ့် သူတို့ရဲ့ပေးဂိုးက (၄)ဂိုးသာရှိခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်စွမ်းဆောင်ရည်အကောင်းဆုံးကတော့ လက်စတာအသင်းဖြစ်ပြီး ပြိုင်ဘက်အသင်းကို ဂိုးကန်သွင်းခွင့် (၂.၇၉)ကြိမ်သာ ပေးခဲ့ရသလို (၄)ပွဲကစားပြီးချိန်မှာ ပေးဂိုးက (၃)ဂိုးသာရှိနေတာပါ။ လက်စတာ၊ မန်ယူပြီးရင် မန်စီးတီးအသင်းက တတိယမြောက် ခံစစ်အကောင်းဆုံးအသင်းဖြစ်နေပြီး တစ်ပွဲပျမ်းမျှအခွင့်အရေး (၄.၂၇)ကြိမ်သာပေးခဲ့ရပါတယ်။

REF:Opta,Daily Mail
Photo:Manchester City Facebook, Manchester United Facebook,Liverpool Facebook
Naing Linn(Akhayar)
www.akhayar.com