Paddington Bear ဇာတ်လမ်းထဲကဝက်ဝံလေးလိုပဲ ဘေးမှာအဝတ်အစားအိတ်တစ်လုံးနဲ့ ဘူတာရုံမှာရှိနေခဲ့တဲ့ သနားစဖွယ်ခွေးလေးတစ်ကောင်။ သူကတော့ Shar-Pei အမျိုးအစား ၃နှစ်အရွယ် ခွေးလေး Kai ဖြစ်ပါတယ်။ သူဟာစကော့တလန်နိုင်ငံရဲ့ ဘူတာရုံတစ်ခုမှာ စွန့်ပစ်ခံခဲ့ရတာပါ။ ကြိုးလေးတစ်ချောင်း ၊ သူ့ပစ္စည်းတွေထည့်ထားတဲ့ အိတ်တစ်လုံးနဲ့အတူသွားစရာမရှိတဲ့ဒီခွေးလေးကို စကော့တလန်မှာရှိတဲ့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့အစည်း Scottish SPCA ကတွေ့ရှိခဲ့ပြီး သူ့ကိုအိမ်ပြန်ပို့ပေးဖို့ရှာဖွေကြပါတယ်။ Kai မှာ Data တွေထည့်ထားတဲ့ Microchip လေးရှိနေပြီး သူ့ရဲ့ပိုင်ရှင်ဟောင်းက သူ့ကိုလွန်ခဲ့တဲ့ ၂ နှစ်ကတည်းက တခြားသူဆီရောင်းချပြီးပြီလို့သိရပါတယ်။ လက်ရှိ ပိုင်ရှင်ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိရှိရပါဘူး။

shar pei dog kai

တိရစ္ဆာန်တွေကိုအွန်လိုင်းကနေတဆင့်ရောင်းချတဲ့အခါ လူတွေကသူဝယ်မယ့်ခွေးအကြောင်းကို သေသေချာချာမသိဘဲ ဝယ်ကြရင်းနောက်ပိုင်းမှာ မထိန်းသိမ်းတတ်တဲ့ပြဿနာ စွန့်ပစ်တဲ့ပြဿနာတွေရှိလာတာဖြစ်တယ်လို့ Scottish SPCA ကသုံးသပ်ပါတယ်။

သခင်မရှိ ၊ သွားစရာနေရာမရှိတဲ့ Kai ရဲ့အကြောင်းကို လူတွေအများကြီးသိသွားကြတဲ့အခါသူ့ကိုခေါ်ယူမွေးစားချင်သူတွေ ရာချီပေါ်လာခဲ့ပါတယ်။ နိုင်ငံပေါင်းစုံမှာရှိတဲ့ သူ့ကိုလိုချင်သူတွေအများကြီးထဲကမှ Scottish SPCA က Kai နဲ့အသင့်တော်ဆုံး မိသားစုကိုရွေးချယ်ပေးနိုင်ခဲ့ပါတယ်။ သူရဲ့သခင်အသစ်က အသက် ၅၃ အရွယ်ရှိပြီဖြစ်ပြီး Ian Russell လို့ခေါ်ပါတယ်။ သူ့အတွက်နားခိုရာ ရပြီးချိန်မှာ Kai ဟာမျက်ခွံအတွင်းနေရာမှာ ခွဲစိတ်ဖို့လိုအပ်လာပါတယ်။ ဒီကို ကြားရပြီးချိန်မှာလူတော်တော်များများက သူ့အတွက်ငွေကြေးတွေလှူဒါန်းကြတာမို့ တစ်ရက်တည်းနဲ့သူ့ဆေးကုသစရိတ်ဟာ လုံလောက်မှုရှိခဲ့ပါတယ်။

Kai နဲ့ သူ့ရဲ့သခင် Ian Russell တို့ဟာ ကားတစ်စီးနဲ့ စကော့တလန်အနှံ့လျှောက်သွားလေ့ရှိကြပြီး အချိန်တော်တော်များများကို အတူတကွဖြတ်သန်းကြပါတယ်။ Ian Russell အနေနဲ့ Kai ကြောင့်ပျော်ရွှင်စရာအချိန်တွေကိုပိုင်ဆိုင်ခွင့်ရခဲ့တာမို့ Kai ကိုပြန်ပြီးကျေးဇူးတင်ဂုဏ်ပြုချင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ လန်ဒန်မာရသွန်ပြိုင်ပွဲကိုဝင်ရောက်ဆင်နွှဲဖို့ကြိုးစားပါတယ်။ ဒီလိုပါဝင်ဆင်နွှဲပေးခြင်းက Kai တို့လိုခွေးလေးတွေအတွက် အလုပ်လုပ်ပေးနေတဲ့ Scottish SPCA ကိုရန်ပုံငွေတိုးစေပါတယ်။ အသက် ၅၀ ကျော်အရွယ်ရှိသူတစ်ယောက်အနေနဲ့ မာရသွန်ပြေးရတာဟာ အခက်အခဲတွေအများကြီးရှိနေပြီး အထူးသဖြင့် ခြေချင်းဝတ်နာကျင်ရောင်ရမ်းမှုတွေခံစားရတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်အထိ Russell ဟာမာရသွန်ပြိုင်ပွဲကို နှစ်ကြိမ်ဆင်နွှဲပြီးပါပြီ။

မာရသွန်ပြိုင်ပွဲအတွက်သူ့ရဲ့သခင်အပြေးလေ့ကျင့်ချိန်တိုင်း Kai ကလည်းသခင်နဲ့အတူလိုက်ပြေးပြီး လေ့ကျင့်ပေးပါတယ်။

သူတို့နှစ်ဦးရဲ့အပြန်အလှန်ထားရှိတဲ့ မေတ္တာတရားနဲ့ Paddington Bear လေးလို အိတ်လေးတစ်လုံးနဲ့ ဘူတာရုံကိုရောက်နေတဲ့ Kai ရဲ့ဇာတ်လမ်းက ၂၀၁၅ ခုနစ်မှာ လူတွေနှလုံးသားကိုထိစေခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး ဖြစ်နေခဲ့ပါတယ်။ ရုပ်ရှင်ဆန်တဲ့ Kai ရဲ့ဖြစ်ရပ်ကြောင့်သူ့ကို Paddington Dog ရယ်လို့လည်း လူသိများနေပါတယ်။

Ref# thedodo

ဂျူဂျူး(အခရာ)

www.akhayar.com

Unicode





