မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဘုန်းမောက် ( ၁ – ၃ ) မန်စီးတီးပွဲမှာတော့ မန်စီးတီးအသင်းရဲ့အဓိကကစားသမား (၃)ဦးဟာ ထူးထူးခြားခြားပဲ မှတ်တမ်းကောင်းကိုယ်စီကို ရယူနိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ တိုက်စစ်မှူး အဂွဲရိုး Aguero နဲ့ ကွင်းလယ်ကစားသမားတွေ ဖြစ်ကြတဲ့ ဒေးဗစ်ဆေးဗားလ် David Silva နဲ့ ဒီဘရိုင်းနား De Bruyne တို့ပဲဖြစ်ကြပါတယ်။ ဒီပွဲမှာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး ဟာ သူ့ရဲ့ပုံစံအတိုင်း ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့ပြီး သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘ၀ သွင်းဂိုး(၄၀၀)ပြည့်ခဲ့ပြီး ဒီအထဲမှာ (၂၃၅)ဂိုးက မန်စီးတီးအသင်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ်(၃)အပြီးမှာတော့ အဂွဲရိုး ဟာ သွင်းဂိုး(၄)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ့် ၀ါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးဗားလ် ဟာလည်း ဒီပွဲမှာ သူ့ရဲ့မန်စီးတီးကစားသမားဘ၀ ပွဲပေါင်း(၄၀၀)ပြည့်ခဲ့ပြီး အသင်းအတွက် ဂိုးဖန်တီးမှု (၂)ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေပြနေတဲ့ ကွင်းလယ်လူ ဒီဘရိုင်းနား ဟာ ဒီပွဲမှာဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု(၅၀)ကို ပွဲအနည်းဆုံး(၁၂၃ ပွဲ)နဲ့ ရရှိခဲ့တဲ့ ကစားသမားအဖြစ် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် Ozil ကို ကျော်ဖြတ်ပြီး မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းရဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကအတိုင်း အကောင်းဆုံးပုံစံမှာ ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၃)အပြီးမှာ ရမှတ်(၇)မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)မှာတော့ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Ref: Opta Joe Twitter
Photo: Hindustan Times , Opta Joe Twitter
Ko Kyue(Akhayar)
www.akhayar.com