ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဟာ အသက်(၁၈)နှစ်အောက် ကစားသမားတွေကို ခေါ်ယူခဲ့တာမှာ သတ်မှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ဒဏ်ငွေပေါင်(၃၁၅၀၀၀) ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ မန်စီးတီးမတိုင်ခင်က ချယ်လ်ဆီးအသင်းဟာ အဲဒီလိုပြစ်ချက်နဲ့ပဲ ဒဏ်ငွေပေါင်(၄၆၀၀၀၀)ကျော် ချမှတ်ခံခဲ့ရသလို အခုနွေရာသီနဲ့ လာမယ့် ဆောင်းရာသီကာလတွေမှာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့် မန်စီးတီးအသင်းအတွက် သက်သာရာရခဲ့တယ်လို့ ပြောရမှာပါ။ FIFA က သတ်မှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းတွေထဲက အပိုဒ်(၁၉)အရ လူငယ်ကစားသမားတွေကို အသက်(၁၈)နှစ်ကျော်မှ အပြောင်းအရွှေ့ပြုလုပ်ခွင့်ပြုထားပြီး မန်စီးတီးအသင်းက အဲဒီစည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ဆီရီယာလီယွန် ဆယ်ကျော်သက်ကစားသမား George Davies နဲ့ ဂါနာ လူငယ်ကစားသမား Dominic Oduro တို့ဟာ အသက်(၁၈)နှစ်မပြည့်ခင် မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး လူငယ်ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့တယ်လို့ ဒိန်းမတ်သတင်းစာ Jyllands-Posten ကို ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။ မန်စီးတီးအသင်းဟာ ဆယ်ကျော်သက်ကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာ စည်းမျဉ်းတွေ ချိုးဖောက်တာက ဒါ ပထမဆုံးမဟုတ်ဘဲ ၂၀၁၇၊ မေလတုန်းကလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ချိုးဖောက်ခဲ့တာကြောင့် လူငယ်ကစားသမား ခေါ်ယူခွင့် (၂)နှစ်ပိတ်ပင်ခံခဲ့ရသလို ဒဏ်ငွေပေါင်(၃)သိန်း ချမှတ်ခံခဲ့ရပါသေးတယ်။ ဒါတင်မကဘဲ အခုလောလောဆယ်မှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း (FFP)ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရတာကြောင့် မန်စီးတီးအသင်းအတွက်တော့ စိတ်ပျက်စရာအခြေအနေတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတယ်လို့ပြောရမှာပါပဲ။

REF:BBC
Photo:Manchester City Facebook
Naing Linn(Akhayar)
www.akhayar.com