ပရီးမီးယားလိဂ် ချန်ပီယံဆုကို အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ ရယူခဲ့ကြတဲ့ အသင်းတွေ ပြိုင်ပွဲရဲ့သမိုင်းတစ်လျှောက်မှာ ရှိခဲ့ပါတယ်။  ဥပမာပြောရရင်  ၁၉၉၉ ခုနှစ် ဖလား(၃)လုံးချန်ပီယံဖြစ်တဲ့နှစ်က မန်ယူအသင်း ၊ ၂၀၀၄ ခုနှစ် ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲမရှိချန်ပီယံ အာဆင်နယ်အသင်းနဲ့ ၂၀၀၅ ခုနှစ် မော်ရင်ဟို Mourinho ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီး ၊ ပြီးခဲ့တဲ့ ရာသီကစံချိန်တင် ရမှတ် စံချိန်တင်သွင်းဂိုးနဲ့ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးအသင်းတို့ပါပဲ။ ဒီရာသီမှာ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးအသင်းဟာ မနှစ်ကလောက် စွမ်းဆောင်ရည်ကောင်းမျိုးမပြနိုင်ခဲ့ပေမယ့် ၁၉၉၉ ခုနှစ်တုန်းက မန်ယူ ၊ ၂၀၀၄ ခုနှစ်တုန်းက အာဆင်နယ် ၊ ၂၀၀၅ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းတွေထက် စွမ်းဆောင်ရည်ပိုင်းပိုသာနေတာကို အချက်အလက်တွေအရတွေ့ရပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းလိုမျိုး ရှုံးပွဲမရှိချန်ပီယံ မဖြစ်ခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ အာဆင်နယ်ထက် အသာရခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အာဆင်နယ်အသင်း ဗိုလ်စွဲခဲ့တုန်းက နိုင်ပွဲ(၂၆))ပွဲရရှိခဲ့ပြီး ရမှတ်(၉၀) ၊ အနိုင်ရာခိုင်နှုန်း (၆၈.၄) သာရှိခဲ့တာပါ။ ဒီရာသီမှာ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးအသင်းကတော့ နိုင်ပွဲ(၃၂)ပွဲထိ အနိုင်ရခဲ့ပြီး (၉၈)မှတ်ရယူခဲ့သလို ပျှမ်းမျှအနိုင်ရာခိုင်နှုန်းဟာလည်း (၈၄.၂ )ထိရှိခဲ့ပါတယ်။ ဒါအပြင့် မန်စီးတီးအသင်းကို အကောင်းဆုံး ဦးဆောင်မောင်းနှင်နေတဲ့ နည်းပြ ဂွါဒီယိုလာ Guardiola ဟာလည်း ပရီးမီးယားလိဂ်(၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို (၂)နှစ်ဆက်တိုက်ရရှိခဲ့ပြီး ဖာဂူဆန် Ferguson ၊ မော်ရင်ဟို Mourinho တို့လိုပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၂)ရာသီဆက် ရယူခဲ့တဲ့တတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ ဒီရာသီစွမ်းဆောင်ရည်ဟာ အကောင်းဆုံးမှာရှိနေတာ သိပ်မဆန်းဘူးလို့ ပြောရမှာပါ။ လက်ရှိမှာလည်း မန်စီးတီးအသင်းဟာ FA Cup ဗိုလ်လုပွဲအဆင့်ကိုရောက်ရှိနေပြီဖြစ်သလို ဒီနှစ်ဘောလုံးရာသီမှာ ကွန်မြူနတီဒိုင်း ၊ လိဂ်ဖလား ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကို ရရှိထားတာကြောင့် FA Cup ကိုပါ ရရှိခဲ့ရင် တစ်ရာသီထဲမှာ အင်္ဂလန်ရဲ့ ပြည်တွင်းဖလား အားလုံးကို ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။

Ref: The Sun
Photo: The Sun , Man City Twitter
Ko Kyue(Akhayar)
www.akhayar.com