ကိုယ့်ကို အချိန်ပြည့်စိုးမိုးထားနိုင်စွမ်းအရှိဆုံး အစားအစာလို့ မေးတာနဲ့ လူ ၁၀၀ မှာ ၉၉ ယောက်လောက်က မာလာရှမ်းကောလို့ ဖြေကြမှာ အသေချာပဲနော်။

စားလို့ကလည်းကောင်း ပူပူစပ်စပ်၊ ထုံထုံလေးနဲ့ဆိုတော့ စားပြီးရင်ထပ်စားချင်အောင်လည်း စွဲရတယ်မဟုတ်လား။ အဲ့ဒီလောက်အရသာရှိတဲ့ မာလာရှမ်းကောကို ဆိုင်တွေမှာ ဝယ်စားလိုက်ရင် တစ်ပွဲကိုအနည်းဆုံး ၁၅၀၀၀ လောက်ဆိုတော့ ဈေးကလည်း ကြီးတယ်လေ။

ဒါဆို ဈေးလည်းသက်သာမယ် အိမ်မှာလည်း တစ်မိသားစုလုံးအဝစားလို့ရမယ့် မာလာရှမ်းကောလေး လွယ်လွယ်လုပ်စားဖို့ အခရာက နည်းမှန်လမ်းမှန် လွယ်လွယ်ချက်ဖို့ လမ်းညွှန်ပေးပါရစေ။

မာလာရှမ်းကော အနှစ်အတွက်တော့ City Mart တွေမှာရတဲ့ မာလာရှမ်းကောအနှစ်အနီထုပ်လေးတွေ ရှိပါတယ်။ အရသာထပ်တူနီးပါးထိရပါတယ်။ အထုံအတွက်တော့ ဈေးဆိုင်တွေမှာ ဟွားကျောင်းစေ့တွေ ဝယ်လို့ရပါတယ်။ အဲ့ဒီ ဟွားကျောင်းစေ့တွေကို မာလာရှမ်းကောတစ်ပန်းကန်စာ အနည်းငယ်ပဲ ချိန်ဆပြီး ကြေညက်အောင်ထောင်းထားပါမယ်။

ငရုတ်သီးခြောက်တွေကိုတော့ အစေ့ခွဲပြီး ရေစိမ်ထားပါမယ်။ ကြွက်နားရွက်မှိုတွေ၊ ပဲလိပ်နဲ့ ရေစိမ်ခေါ် ဂျယ်လီခေါက်ဆွဲတွေစိမ်ထားပါမယ်။ ပြီးရင် ကြာစွယ်၊ မုန့်ညင်းဖြူ၊ မုန့်ညင်းစိမ်း၊ ဘူးညွှန့်၊ အာလူး၊ ဂေါ်ဖီပန်းပွင့်၊ အပ်မှိုနဲ့ ကိုယ်ကြိုက်ရာရာ အရွက်လေးတွေ မှိုလေးတွေ လှီးထားပြင်ထားပါမယ်။

ကြိုက်ရာအသား ပင်လယ်စာပြင်ထားပါမယ်။ ခေါက်ဆွဲခြောက်ကို ရေနွေးဖျောထားပါမယ်။

ပြီးတာနဲ့ ဒယ်အိုးထဲက ဆီပူတာနဲ့ ထောင်းထားတဲ့ ဟွားကျောင်းစေ့တွေ၊ ငရုတ်သီးခြောက်၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက် ထည့်ပါမယ်။ မွှေးရနံ့ထွက်လာရင် သစ်ဂျပိုးခေါက်နဲ့နာနတ်ပွင့် ဖယ်လို့ရပါပြီ။ ကြိုက်တတ်ရင် ဂျင်းဓါးပြားလေးရိုက်ပြီး ကြက်သွန်ဖြူလေးထည့် မွှေလည်းရပါတယ်။

ပြီးတာနဲ့ မာလာအနှစ်တစ်ထုပ်ကို ပွဲပမာအချိုးအဆအတိုင်း သင့်တော်သလောက်ထည့်ပြီး နူးဖို့ခက်တဲ့ကြာစွယ်၊ အာလူး၊ ဂေါ်ဖီပန်းပွင့်တွေကစထည့်ပါ။ ရေနည်းနည်းထည့်ပါ။

ပြီးတာနဲ့ကျန်တဲ့ အရွက်တွေ၊ အသားတွေထည့်ပြီး နှံ့အောင်မွှေပါမယ်။ နောက်ဆုံးမှ ခေါက်ဆွဲထည့်ပြီးမွမွလေး မွှေပါမယ်။ အသားတွေ၊အရွက်တွေနဲ့ ခေါက်ဆွဲတသားတည်း လုံးပြီးကျက်သွားတာနဲ့ အိုးပေါ်ကနေ ပန်းကန်ထဲထည့်ကာ တစ်မိသားစုလုံးမြိန်ရေရှက်ရေ ပူပူလေး စားလို့ရပါပြီနော်။

ချစ်လှစွာသော
FoodieEi (Akhayar)