မှားမှာကိုကြောက်တဲ့စိတ်က အပြစ်တင်ခံရမှာကိုကြောက်တဲ့စိတ်ကနေ စတင်တယ်လို့  ကျွန်မအနေနဲ့ ယူဆမိတယ်။

ဒါကလည်း အသစ်အစမ်း တစ်ခုခုလုပ်မယ့် သူတွေကို အများစုက ‘မှားသွားလိမ့်မယ်နော် ရမ်းမလုပ်နဲ့ …လုပ်နိုင်တာလဲ မဟုတ်ဘဲနဲ့…`ဆိုတဲ့ စကားတွေနဲ့`ဒါမှားရင်တော့ ဘ၀ပျက်ပြီ…ဘာမှတ်လဲ`ဆိုတဲ့ အပျက်သဘောပါဝင်နေတဲ့ စကားတွေအပြစ်တင်သံတွေကြောင့်လို့လည်း ဆိုနိုင်ပါတယ်။

ကျွန်မအမြင်မှာတော့ မှားမယ်နော်…ဆိုတဲ့ အဲဒီလိုခြိမ်းခြောက်စကားတွေက လူတွေရဲ့ အောင်မြင်လိုစိတ်နဲ့ စွမ်းရည်တွေကို ရိုက်ချိုးပစ်လိုက်တဲ့ စကားတွေ၊ အပြစ်တင်တတ်တဲ့ လူတွေက လူတွေရဲ့ အကောင်းမြင်စိတ်ကို ဖျက်ဆီးလိုက်တဲ့ သူတွေလို့ပဲ နားလည်မိတယ်။

ကျွန်မမှာလည်း အမှားတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ အရှုံးတွေ ရှိတာပါပဲ။ ကျွန်မဘဝမှာ အားလုံးကို ခြုံပြီး သုံးသပ်ရရင်တော့ အောင်မြင်မှုတွေထက် အမှားတွေနဲ့ ရှုံးနိမ့်မှုတွေက ပိုများတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘဝ မပျက်ပါဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကိုလုပ်ပြီး ကိုယ့်ဘဝနဲ့ကိုယ် ကျေနပ်နေပါတယ်။

လူတိုင်း လူတိုင်းဟာ နေ့စဉ်အမှားတွေနဲ့ ကြုံရတာပါပဲ။ စကားမှားပြီး ပြောမိတာတွေ၊ အတွေးမှားသွားတာတွေ၊ ဆုံးဖြတ်ချက် မှားသွားပြီး ရှုံးနိမ့်ကုန်တာတွေ…စတဲ့ အမှားတွေရော အရှုံးတွေရော အမြဲရှိနေတတ်တာပါပဲ။

အားသာချက်ကတော့ အမှားတွေလုပ်မိတဲ့အတွက် အမှန်ကို သိလိုက်ရတာနဲ့ အမှားတွေကနေ သင်ယူနိုင်သလို၊ အရှုံးတွေရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသွားပါတယ်။ (အရှုံးဆိုတာ ခံရခက်တယ်။ နာကျင်ရတယ်ဆိုတာကို လူတိုင်း
သိနားလည်ပြီးသားဖြစ်မှာပါ။)

ကျွန်မကတော့ တစ်ခုခုလုပ်လို့ မှားသွားပြီဆိုရင်လည်း မှားပြီဟ..ဆိုပြီး အဲဒီအမှားကနေ သင်ယူလိုက်တာပါပဲ။ အမှားတွေ၊ အရှုံးတွေနဲ့ တွေ့ကြုံရင်ဆိုင်ရရင်လည်း အဲဒီအတွက်တော့ ဝိုင်းအပြစ်တင်တာတွေ၊ စိတ်ထိခိုက်မှုတွေ နောင်တရတာတွေ စတာတွေနဲ့ စိတ်အနှောက်အယှက်အဖြစ်မခံတော့ဘူး။

ကမ္ဘာ့စွန့်ဦးတီထွင်သူတွေရဲ့ ဘဝကို လေ့လာကြည့်တော့လည်း ရှုံးပွဲတွေအထပ်ထပ်ဖြတ်သန်းပြီးမှ အောင်ပွဲခံတဲ့ လမ်းမပေါ်ကို ရောက်လာတာချည်းပါပဲ။ တကယ့်ပုဂ္ဂိုလ်ကြီးတွေရဲ့ အထ္တုပ္ပတ္တိတွေကို ဖတ်ကြည့်ဖူးသလား။ သူတို့ဟာ အကြိမ်ပေါင်းများစွာ လဲကျခဲ့ကြတာပါပဲ။ ဒါပေမယ့် အရှုံးမပေးဘူး။ မှားမှာကို မကြောက်ဘူး။

အဲတော့ ကျွန်မယုံကြည်တယ်။ ထိပ်ကိုရောက်ဖို့၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ဆိုတာ ဆန့်ကျင်ဘက် အတိုက်အခံတွေ၊ ဆုံးရှုံးနစ်နာမှုတွေ လဲပြိုရှုံးနိမ့်မှုတွေကို မဖြတ်သန်းနိုင်ဘဲနဲ့တော့ မရောက်ဘူးဆိုတာပါပဲ။
အဲ့ဒါကြောင့် ဘာဖြစ်လဲ၊ လဲရင် ပြန်ထပါတယ်။ ရှုံးရင်လည်း ရှေ့ဆက်လျှောက်ပါတယ်။ မှားရင်လည်း အဲ့ဒီအမှားကနေ သင်ခန်းစာယူပါတယ်။ အဲဒီလိုနဲ့ ရှင်သန်နေရတာပါ။

တချို့ကတော့ ပျက်စီးဆုံးရှုံးမှု တစ်ခုခုနဲ့တွေ့လိုက်တဲ့အခါ ပြာသွားပြီး ကြောက်သွားပြီး အဲဒီကနေ သင်ခန်းစာယူဖို့ မတွေးတော့ဘူး။ နောက်တွန့်သွားပြီး ရှေ့ဆက်မလုပ်ဖို့ဘဲ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒါရဲ့ရှေ့မှာ ပန်းတိုင်ရှိနေတယ်ဆိုတာကိုလည်း မမြင်နိုင်တော့ဘူး။

လူတိုင်း မှားတတ်တာပဲ…မှားတာက အပြစ်မှ မဟုတ်တာ၊ အမှားသိမြင်ပြီး အမှန်ပြင်ရမှာ။ မှားလို့ အကြပ်အတည်းတွေ့ပြီဆိုရင် အဲဒါကို နောက်တစ်ကြိမ်မမှားအောင် မြင်အောင်ကြည့်လိုက်ပါ။ ဘယ်အခြေနေကိုပဲရောက်ရောက် ရှောင်ပြေးတာမျိုး၊ ငါကတော့ အရှုံးသမားဘဝပဲ ကံကလည်း မကောင်းဘူးဆိုပြီး အပျက်စိတ်ကို တွေးမယ့် အစား ဒါကတော့ ငါ့အတွက် သင်ခန်းစာယူစရာတစ်ခုပဲ နောက်ဒါမျိုး မဖြစ်တော့ဘူးဆိုပြီး ရှေ့ဆက်ပါ။ နောက်တစ်လှမ်းဆုတ်ပြီး ရှေ့နှစ်လမ်းတိုးခြင်းပါ။

အောင်မြင်ချင်တဲ့ စိတ်နဲ့ အောင်မြင်နိုင်တဲ့ အရည်အသွေးရှိပေမယ့် လူတိုင်း မအောင်မြင်ကြတာက စမ်းသပ်ခံနိုင်တဲ့ စွမ်းရည် မရှိကြလို့ပါ။ ခရီးတွင်အောင် ဇွဲနဲ့ယုံကြည်စိတ်နဲ့ ခပ်ဖြောင့်ဖြောင့်မလျှောက်ကြလို့ပါ။

ဘယ်လောက်ပဲ အပျက်နဲ့ ကြုံကြုံ၊ ဘယ်လောက်ပဲ မှားမှား၊ အကောင်းဘက်ကတွေးပြီး အရှုံးကို အနိုင်ယူပါ။ အမြင်အတွေးတွေ ပြတ်သားကြည်လင်သွားရင် အဆင်ပြေပြေနဲ့ ပိုကောင်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်စွမ်းရှိလာမှာပါ။ အဲဒါကို ယုံကြည်ပါ။ မှားမှာကို မကြောက်ပါနဲ့ အမှားကနေ သင်ခန်းစာယူပါနော်။ နောက်ထပ်အဲဒီအမှားကို ထပ်မမှားစေဖို့တော့ လိုပါတယ်။

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

မေသင်္ကြန်ဟိန်(မြစ်မခ)

www.akhayar.com