ပတ်ဝန်းကျင်မှာ ကိုယ်လက်အင်္ဂါမသန်စွမ်းပေမယ့် ဘဝမှာ အောင်မြင်အောင် စွမ်းဆောင်ခဲ့ကြတဲ့သူတွေ ဒုနဲ့ဒေးပါ။ ကိုယ်လက်မကြံ့ခိုင်ပေမယ့် အောင်မြင်ရတဲ့အကြောင်းတာက ဘဝမှာ အားနည်းချက်တွေကို ကြည့်တာမဟုတ်ဘဲနဲ့ အားသာချက်တွေကို အသုံးချသွားတဲ့အတွက်ဖြစ်ပါတယ်။ မသန်ပေမယ့် စွမ်းခဲ့ကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ စတီဖင် ဟော့ကင်း

ဗြိတိသျှရူပဗေဒပညာရှင် စတီဖင် ဟော့ကင်း (Stephen Hawking) ဟာဆိုရင် ၂၁နှစ်မှာ အာရုံကြောရောဂါတစ်မျိုး (Amyotrophic Lateral Sclerosis – ASL) ဖြစ်ပြီးတော့ ခန္ဓာကိုယ်ဟာ မလှုပ်ရှားနိုင်ဘဲ စကားမပြောနိုင်ဖြစ်ခဲ့ရပါတယ်။ ဝေဒနာရှင်အများစုဟာ ၂နှစ်မှ၎နှစ်အတွင်း သေဆုံးကြပေမယ့် ဟော့ကင်းဟာ ထူးထူးခြားခြားအသက်ရှင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာအကူညီနဲ့ စကားပြောဆိုရပြီး ၁၉၈ဝခုနှစ်ကတည်းက ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ထိုင်ခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်မှာ စကြဝဠာရဲ့နယ်နမိတ်တွေကို ရှင်းပြတဲ့ အချိန်သမိုင်းအကျဉ်းစာအုပ် (A Brief History of Time) ကလည်း အုပ်ရေ ၁ဝသန်းကျော်ရောင်းခဲ့ရပြီး ဘာသာစကား ၃၅ မျိုးနဲ့ ဘာသာပြန်ခဲ့ရပါတယ်။

၂။ ဖရန့်ကလင် ဒီ ရူစဗဲ့

အမေရိကန်နိုင်ငံရဲ့၃၂ယောက်မြောက် သမ္မတကြီး ဖရန့်ကလင် ဒီ ရူစဗဲ့ (Franklin D. Roosevelt) ဟာ ၁၉၂၁ခုနှစ် အသက်၃၉နှစ်အရွယ်မှာ သွပ်ချာပါဒဖြစ်သွားတဲ့အတွက် လမ်းပင်မလျှောက်နိုင်ချေ။ အခက်အခဲတွေ တွေ့ကြုံရပေမယ့် စိတ်မလျော့ဘဲ ဂျော်ဂျီယာပြည်နယ် (Georgia) ရှိ ရေပူစမ်းထဲမှာ ရေကူးပြီး ခြေထောက်တွေ ပြန်လည်ကြံ့ခိုင်လာအောင် လေ့ကျင့်ခဲ့ရပါတယ်။ အားနည်းချက်ရှိပေမယ့်လည်း နောက်မဆုတ်တတ်တဲ့ ဇွဲသတ္တိကြောင့် သွပ်ချာပါဒရောဂါဟာ သမ္မတရာထူးဆက်ခံဖို့ အဟန့်အတားမဖြစ်ခဲ့ပါဘူး။

၃။ ရာ့ဖ် ဘရောင်

ကမ္ဘာကျော်ဘီးတပ်ကုလားထိုင်ကုမ္ပဏီ (BraunAbility) ပိုင်ရှင်ဖြစ်တဲ့ ရာ့ဖ် ဘရောင် (Ralph Braun) ဟာ ငယ်စဉ်ကတည်းက ကြွက်သားအားနည်းတဲ့ရောဂါရှိလို့ လမ်းမလျှောက်နိုင်ခဲ့ပါဘူး။ ၁၉၆၆ခုနှစ်မှာ ကိုယ်ပိုင်ဘီးတပ်ကုလားထိုင်ကို တီထွင်ပြီးနောက်မှာ BraunAbility ကုမ္ပဏီကို ၁၉၉၁ခုနှစ်မှာ တည်ထောင်လိုက်ပါတယ်။ ကမ္ဘာတစ်လွှားမှာ မသန်စွမ်းလူတွေကို စိတ်သွားတိုင်း ကိုယ်ပါစေခဲ့တဲ့ ရာ့ဖ် ဘရောင်ကို အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား (Barack Obama) က “a champion of change” လို့ တင်စားခဲ့ပါတယ်။

You May Like : ၂၈နှစ်မှာ အငြိမ်းစားယူသွားတဲ့ သန်းကြွယ်သူဌေးမလေး JP Livingston

၎။ ဟယ်လင်ကဲလား

ဟယ်လင်ကဲလား (Helen Keller) အကြောင်းကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ငယ်စဉ်ကတည်းက ဆွံ့အနားမကြားဖြစ်ပေမယ့်လည်း ဘဝကို အနိုင်မခံအရှုံးမပေးကြိုးစားခဲ့ရုံမက ရက်ကလစ်ဖ် ကောလိပ် (Radcliffe College) ကနေ ဝိဇ္ဇာဘွဲ့ (B.A) ကိုရရှိခဲ့တဲ့အတွက် ပထမဆုံးဆွံ့အနားမကြားဘွဲ့ပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။ စာရေးဆရာမဖြစ်တဲ့အပြင် လူမှုရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့သူမဟာ မသန်စွမ်းသူတွေအတွက် ရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်ခဲ့ပါတယ်။

Helen-Keller

၅။ ဆက်ဟာ ချန်ဒရမ်

ဆက်ဟာ ချန်ဒရမ် (Sudha Chandran) ဆိုတာ အိန္ဒိယနိုင်ငံက နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၁ခုနှစ်မှာ ယာဉ်မတော်တဆမှုကြောင့် ခြေထောက်တစ်ဖက်ဖြတ်ပစ်ခဲ့ရပါတယ်။ Bharatanatyam နာမည်ကျော်အကသမားဖြစ်ရုံမက ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ခြေတစ်ဖက်မပါပေမယ့်လည်း လူသားတိုင်းလုပ်နိုင်တဲ့အရာတွေကို စွမ်းဆောင်နိုင်ရုံမက ပရိသတ်ရဲ့ရင်ကိုလည်း လှုပ်ခတ်စေတဲ့အနုပညာရှင်ပဲ ဖြစ်ပါတယ်။

ကဲ . . .  လူတိုင်းမှာ အခွင့်အလမ်းဆတူရှိပါတယ်။ သူတို့တွေတောင် စွမ်းကြသေးတယ်ဆိုရင် ကျွန်တော်တို့တွေလည်း မစွမ်းနိုင်ကြဘူးလား။ အားတင်းထား ရဲဘော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com