အွန်လိုင်းရှော့ပင်တွေ ခေတ်စားလာသလိုပဲ အစားအသောက်ပို့တဲ့လုပ်ငန်းတွေပါ အတော်ခေတ်စားလာပါတယ်။ Lunch Box Service တွေရှိလာတဲ့အတွက် အလုပ်များလို့ ထမင်းဘူးမထည့်နိုင်သူတွေ အဆောင်မှာနေလို့ ထမင်း ဟင်းချက်ဖို့ အဆင်မပြေသူတွေလည်းအိမ်ထမင်း အိမ်ဟင်းကို အဆင်ပြေပြေစားနိုင်ပြီဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ အခရာ အဖွဲ့သားတွေက Lunch Box မှာစားဖို့ စဉ်းစားကြပါတယ်။ Lunch Box မှာဖို့အတွက် The Lunch Box ၊ Panda Lunch Box နဲ့ မြို့မေတ္တာတို့ကို ရွေးချယ်ဖြစ်ပါတယ်။ ဆိုင်သုံးဆိုင်လုံးကတော့ Lunch Box Delivery ကို သေသေချာချာလုပ်ကိုင်နေတဲ့ ဆိုင်တွေပါ။ ကဲ… မှာစားကြည့်ရအောင်။

မှာယူခြင်း

(၁) Panda Lunch Box –  Panda Lunch Box ကတော့ နေ့လယ်စာ ထမင်းဘူးတွေအပြင် အခမ်းအနားအမျိုးမျိုးအတွက် ကြက်ဆီထမင်း၊ ထောပတ်ထမင်း၊ မြန်မာဒံပေါက်တွေကိုလည်း ဝန်ဆောင်မှုပေးတာတွေ့ရပါတယ်။ ထမင်းဘူးမှာစားဖို့ ဖုန်းခေါ်လိုက်တော့ Customer အပေါ်ဖော်ဖော်ရွေရွေ ရှိပါတယ်။ ဟင်းရွေးချယ်ဖို့အတွက်တော့ သူတို့ရဲ့ Facebook Page မှာ နှစ်ပတ်စာအတွက် Menu Plan ကိုကြိုအစီအစဉ်ဆွဲထားတာတွေ့ရပါတယ်။

– ထမင်းတစ်ဘူးမှ စပြီးမှာနိုင်ပါတယ်။ တစ်ရက်ကြိုတင်မှာရပါမယ်။

ဈေးနှုန်း – ထမင်းတစ်ဘူးကို ၂၀၀၀ ကျပ်။

Delivery ခ – Downtown (၈)မြို့နယ်၊ ပုဇွန်တောင်၊ဒေါပုံ၊ရန်ကင်း ၊ MICT ဘက်တွေဆိုရင် Free ပါတဲ့။ သုံးဘူးအထက်ဆိုရင် ပို့ခမယူပါ။

(၂) The Lunch Box – The Lunch Box မှာတော့ Lunch Box တစ်ခုတည်းမဟုတ်ဘဲ အခမ်းအနားတွေအတွက် တခြားသောအစားအသောက်တွေကို အော်ဒါမှာလို့ရပါတယ်။ သူ့ဆီဖုန်းဆက်ပြီးမှာယူရတာလည်း လွယ်ကူပါတယ်။ သူတို့မှာလည်း လအလိုက် Menu တွေဆွဲထားပါတယ်။ ၁၅ ဘူးအထက်ဆိုရင် ဟင်းသတ်သတ်စီစဉ်ပေးပါတယ်။

– အနည်းဆုံးထမင်းသုံးဘူးစမှာရပါမယ်။ တစ်ရက်ကြိုတင်မှာယူရပါမယ်။

ဈေးနှုန်း –  ထမင်းတစ်ဘူး ၂၀၀၀ ကျပ်။

Delivery ခ – မြို့နယ်အလိုက်ပို့ခယူပါတယ်။ ဆယ်ဘူးအထက်ဆိုရင်တော့ ပို့ခမယူပါဘူး။

(၃) မြို့မေတ္တာ   – မြို့မေတ္တာကတော့ ထမင်းဆိုင်ဖွင့်ထားသလို နေ့လယ်စာဝန်ဆောင်မှုလည်း ရှိပါတယ်။ သူတို့ဆိုင်မှာတော့ ဖက်ထမင်းက နာမည်ကြီးပါတယ်။ ထမင်းဘူးလာပို့မယ့်မနက်ပိုင်းမှာ သူတို့ချက်ထားတဲ့ဟင်းအမည်တွေကို ဖုန်းဆက်ပြောပြပါတယ်။ အဲဒီတော့မှ ကိုယ်က ရွေးချယ်ရုံပါပဲ။ ထမင်းဖြူ အပြင် လက်ဖက်ထမင်း၊ ပုန်းရည်ကြီးထမင်း ၊ ငါးပိထမင်း စသဖြင့် ထမင်းသုပ်မျိုးစုံကို ရွေးချယ်နိုင်ပါတယ်။ ထမင်းသုပ်ရွေးမယ်ဆိုရင်တော့ တစ်ပွဲ ၉၀၀ ဖြစ်ပါတယ်။ သူကထမင်းသတ်သတ်ဟင်းအတွက်သတ်သတ် ကောက်ခံပါတယ်။လောလောဆယ်မှာတော့ စမ်းချောင်းတစ်ဝိုက်သာရပါသေးတယ်။ ဖေဖော်ဝါရီလမှာတော့ မြို့နယ်အစုံ ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

– ထမင်းတစ်ဘူးမှစပြီးမှာလို့ရပါတယ်။ မနက်မှာရင် နေ့ခင်းစာအမီပို့ပေးပါတယ်။

ဈေးနှုန်း – ထမင်းသုပ်တစ်မျိုးမျိုးနဲ့ အသားဟင်းတစ်ပွဲကို ၁၈၀၀၊ အရွက်တစ်မျိုးမျိုးနဲ့ ဟင်းရည်ပါရင် ၂၅၀၀ကျပ်။

Delivery ခ – စမ်းချောင်းတစ်ဝိုက်မယူပါ။

ရောက်ရှိချိန်

 (၁) Panda Lunch Box – နေ့လယ် ၁၂ ခွဲအမီမှာပါတယ်။ မနက် ၈ နာရီလောက်မှာ လာမယ့်အကြောင်း ဖုန်းဆက်ပါတယ်။ ရုံးချိန်အတိုင်း ပြန်ချိန်းလိုက်တဲ့အတွက် ၉ နာရီ ၁၅ မိနစ်မှာလာပို့ပါတယ်။

(၂) The Lunch Box – နေ့လယ် ၁၂ ခွဲ မှာပါတယ်။ မနက် ၉ နာရီ ၄၀ မိနစ်မှာ လာပို့ပါတယ်။ မလာခင် ကြိုဖုန်းဆက်ပါတယ်။

(၃) မြို့မေတ္တာ – ဘာဟင်းယူမလဲဆိုတာကို လာပို့မယ့်အချိန်နားနီးမှ ပြန်ဖုန်းဆက်မေးမယ်ပြောတဲ့အတွက် သူတို့ဖုန်းကို စောင့်နေလိုက်ပါတယ်။ နေ့လယ် ၁၁ နာရီလောက်အထိ ဖုန်းဆက်မမေးသေးတဲ့အတွက် ၁၁နာရီကျော်ကျော်မှာ အခရာအဖွဲ့သားတစ်ယောက်က ဖုန်းဆက်လိုက်ပါတယ်။ အဲဒီတော့ရမယ့်ဟင်းတွေပြောပြပါတယ်။ ကိုယ့်ဖုန်းဘေလ်ကုန်သွားတဲ့အတွက်နည်းနည်းတော့ ဆိုးပါတယ်။ ရောက်ရှိလာချိန်ကတော့ ၁၁ နာရီ ၄၀ မိနစ်ပါ။

အပြင်အဆင်

 (၁ ) Panda Lunch Box – သပ်ရပ်ပါတယ်။  ဘူးထဲမှာ  Menu အတိုင်း ငါးပတ်မွှေ၊ ငါးပိကြော်၊ သခွားသီး၊ ဂေါ်ဖီနဲ့ ခရမ်းသီးနှပ်တွေ ပါဝင်ပါတယ်။ စတီးဇွန်း၊ တစ်ရှူးနဲ့ သွားကြားထိုးတံ ပါပါတယ်။ Panda တံဆိပ်နဲ့ နာမည်ကတ်ပြားလေးပါတာမို့ ကိုယ့်ထမင်းဘူးကို ကိုယ့်နာမည်ကောက်ရေးထားနိုင်ပါတယ်။

(၂) The Lunch Box – သပ်ရပ်ပါတယ်။ ဘူးထဲမှာ ကြက်ကုန်းဘောင်၊ ပန်းပွင့်ကြက်ဥကြော်၊ ငါးပိချက်နဲ့ တို့စရာက သခွားသီး ၊ ပဲစောင်းလျားသီးတို့ပါပါတယ်။ စတီးဇွန်းပါပေမယ့် တစ်ရှူးတော့မပါပါဘူး။ ဘူးပေါ်မှာသူတို့လိပ်စာနဲ့ နာမည်ရေးစရာနေရာလေး ပါတဲ့အတွက် ကိုယ့်ထမင်းဘူးကို ကိုယ့်နာမည်မှတ်သားထားနိုင်ပါတယ်။

(၃) မြို့မေတ္တာ – ထမင်းသတ်သတ် ဟင်းသတ်သတ်ထည့်ပေးပါတယ်။ ဘူးပေါ်မှာတော့ ဆိုင်တံဆိပ်ကပ်ထားပါတယ်။ ထမင်းဟင်းသတ်သတ်စီထည့်ပေးတဲ့အတွက် ဘူးတွေတော့ရှုပ်ပေမယ့် သပ်ရပ်မှုတော့ရှိပါတယ်။ အဆင်မပြေတာတစ်ခုက ကော်ဇွန်းပါပဲ။ ကော်ဇွန်းအဖြူလေးတွေသာပါတဲ့အတွက် ဟင်းတွေဖဲ့စားရတာ ဒုက္ခရောက်ပါတယ်။

You May Also Like:အိုမို…အိုမို..လို့တယူရတဲ့ Ahjumma အာဂျီးမား

အရသာ

(၁) Panda Lunch Box – ငါးပတ်မွှေကတော့ မဆိုးဘူးလို့ အဖွဲ့သားတွေက မှတ်ချက်ပေးကြပါတယ်။ တို့စရာ အသီးအရွက်ကတော့ နည်းနည်းလေး နွမ်းပါတယ်။ ထမင်းကတော့ အေးပြီးမာပါတယ်။

(၂) The Lunch Box – ငါးပိချက်အတော်ကောင်းပါတယ်။ ဟင်းအရသာလည်းမဆိုးဘူးလို့ မှတ်ချက်ပေးကြပါတယ်။ ထမင်းကတော့ နည်းနည်းမာပါတယ်။

(၃) မြို့မေတ္တာ – ထမင်းသားက အိပြီးစားကောင်းပါတယ်။ ဟင်းတွေက နည်းနည်းဆီများပါတယ်။ မြန်မာပါးစပ်နဲ့ပိုအဆင်ပြေပါတယ်။

မှတ်ချက်

 (၁) Panda Lunch Box  – ထမင်းမာတာရယ် မှာထားတဲ့အချိန်ထက်အတော်လေးစောပြီး ရောက်လာတာရယ်ကလွဲလို့ မဆိုးပါဘူးလို့ အဖွဲ့သားတွေကမှတ်ချက်ပေးကြပါတယ်။

တစ်ဘူးမှစမှာနိုင်ခြင်း ၊ အပြင်အဆင် ၊ အရသာ ၊ Deliveryခ မယူခြင်းတွေက အားသာပါတယ်။

လိပ်စာ – အမှတ်(၈၀) ၊ ၅၆ လမ်း (အထက်) ၊ ပုဇွန်တောင်မြို့နယ်။

ဖုန်း – ၀၉ ၇၉၅၂၇၃၀၂၂ ၊ ၀၉ ၄၂၁၇၃၀၇၈၇ ၊ ၀၉ ၅၄၀၆၂၈၂

(၂) The Lunch Box – ထမင်းနည်းနည်းမာတာရှိပေမယ့် ဟင်းအရသာကတော့ မဆိုးပါဘူး။ ခပ်စောစောရောက်လာတတ်တာကြောင့် ကိုယ်ရှိမယ့်အချိန်အတိအကျ ညှိဖို့လိုပါမယ်။

၃ ဘူးအနည်းဆုံးမှာရခြင်း ၊ ၁၀ ဘူးမပြည့်ရင်  မြို့နယ်အလိုက်Deliveryခ ပေးရခြင်းတွေက အားနည်းချက်ဖြစ်စေပါတယ်။

လိပ်စာ – အမှတ်(၃/ဘီ) ၊ ယုဇနလမ်း ၊ လှိုင်မြို့နယ်။

ဖုန်း- ၀၉ ၄၅၆၃၆ ၂၃၂၃ ၊ ၀၉ ၄၅၆၃၆ ၂၃၂၄

(၃) မြို့မေတ္တာ – ဟင်းတွေ နည်းနည်းဆီများပေမယ့် အရသာကောင်းပါတယ်။ ထမင်းသုပ်တွေလည်းစားကောင်းပါတယ်။ နေရာနီးရင် Delivery ခမယူတာမို့ စမ်းချောင်းတစ်ဝိုက်နေသူတွေ အဆင်ပြေပါတယ်။ Commercial Tax ၃၀၀ ပေးဆောင်ရပါတယ်။

Customer က ဖုန်းပြန်ဆက်ရခြင်း၊ ဇွန်း အဆင်မပြေခြင်း ၊ လောလောဆယ်စမ်းချောင်းတစ်ဝိုက်သာရခြင်း တွေက အားနည်းချက်ဖြစ်နေပါသေးတယ်။

လိပ်စာ – အမှတ် (၁၁/အေ) ၊ မြေနုလမ်း ၊ မြေနီကုန်း ၊ မဟာမြိုင်ဆေးရုံနောက်ကျော ၊ စမ်းချောင်းမြို့နယ်။

ဖုန်း – ၀၉ ၉၆၃၆၀၆ ၁၀၀ ၊ ၀၉ ၇၈၃၁ ၃၄၁၀၇

ဂျူဂျူး (အခရာ)

www.akhayar.com