အင်တာမီလန်အသင်း တိုက်စစ်မှူးသစ် လူကာကူ Romelu Lukaku ဟာ ကာဂလီယာရီနဲ့ ကစားခဲ့တဲ့ စီးရီးအေပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတာကို ခံခဲ့ရပါတယ်။ ကာဂလီယာရီကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို လူကာကူက ပယ်နယ်တီကနေ သွင်းယူခဲ့ပြီး ပယ်နယ်တီကန်ဖို့ ပြင်နေချိန်မှာ ကာဂလီယာရီပရိသတ်တွေက လူကာကူကို ‘မျောက်’လို့ အော်ဟစ်ခဲ့ကြသလို ဂိုးသွင်းယူပြီးချိန်မှာ အော်သံတွေက ပိုဆိုးလာခဲ့ပါတယ်။ လူမည်းကစားသမားတွေကို ကာဂလီယာရီပရိသတ်တွေ လူမျိုးရေးခွဲခြားတာက ပထမဆုံးအကြိမ်မဟုတ်ဘဲ ဒီနှစ်အစောပိုင်းတုန်းက ဂျူဗင်တပ်စ်နဲ့ကစားခဲ့တဲ့ပွဲမှာ မွိုက်ဆီကိန်း Moise Kean ကို လူမျိုးရေးခွဲခြားခဲ့ပါသေးတယ်။

စီးရီးအေမှာ လူမျိုးရေးခွဲခြားတာကို ပြစ်တင်ရှုတ်ချတာတွေရှိပေမယ့် တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူတာမျိုး မရှိသေးလို့ တဖြည်းဖြည်း ပိုဆိုးလာပါပြီ။ ကာဂလီယာရီပရိသတ်တွေဟာ ၂၀၁၀ တုန်းက အင်တာမီလန်တိုက်စစ်မှူး အီတူး Eto’o ၊ ၂၀၁၇မှာ ပက်စ်ကာရာ ကွင်းလယ်လူ မွန်တာရီ Sulley Muntari နဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ဂျူဗင်တပ်စ်ကွင်းလယ်လူ မာတွီဒီ Matuidi တို့ကိုလည်း လူမျိုးရေးခွဲခြားခဲ့ပါသေးတယ်။ ကာဂလီယာရီနဲ့ပွဲအပြီးမှာ အင်တာမီလန်နည်းပြကွန်တီ Antonio Conte က “ကျွန်တော်က အရန်ခုံတန်းမှာဆိုတော့ ဘာအသံမှတော့ မကြားလိုက်ပါဘူး။ ဒါပေမဲ့ အီတလီဘောလုံးလောကမှာ လူမျိုးရေးခွဲခြားတာနဲ့ ပတ်သက်ပြီး ပညာပေးဖို့တော့ လိုနေပါပြီ။ တခြားနိုင်ငံတွေမှာ ပရိသတ်တွေဟာ ပြိုင်ဘက်အသင်းကို စော်ကားတဲ့အပြုအမူမျိုး မလုပ်ကြပါဘူး။ ဒီက ပရိသတ်တွေအနေနဲ့ ပြိုင်ဘက်ကစားသမားတွေကို လေးစားမှုရှိသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ စီးရီအေတာဝန်ရှိသူတွေဟာ လူမျိုးရေးခွဲခြားတာကို ပပျောက်ချင်တယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူတာမျိုးတွေ လုပ်မှသာ ဒီလိုဖြစ်ရပ်တွေကို တားဆီးနိုင်မှာပဲဖြစ်ပါတယ်။

REF:sportbible,dailymail
Photo:Inter Facebook
Naing Linn(Akhayar)
www.akhayar.com